RADIO

What is current song?

RSS

မိဘတွေပြောတဲ့ မုသားချိုချို

သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီနေ့တော့ဗျာ... မိဘတွေရဲ့ အကြောင်းလေးတွေ စဉ်းစားကြရအောင်ပါ..

          သူငယ်ချင်းတို့ရေ.. မိဘတွေရဲ့ မုသားချိုချို စကားလေးတွေကို ကျနော့ သူငယ်ချင်းတွေလည်း ကြားဖူးကြမယ် ထင်ပါတယ်၊ ပြန်စဉ်းစားကြည့်မယ်နော်....၊ ကျနော်တို့တတွေ ခလေးဘ၀အရွယ် ငယ်ငယ်တုန်းက... အဖြစ်အပျက်လေးတွေကို ပြန်ပြီး မြင်ယောင်ကြည့်မယ်ဗျာ....
          ကျနော့ဘ၀မှာ ဆုံးရှုံးသွားတဲ့ ဖေဖေ၊ ငယ်ငယ်ကတည်းက ပင်ပမ်းမှုတွေကို ခါးစီးခံခဲ့ရတဲ့ ဖေဖေဟာ... ကျနော် အသက်(၂၀) အရွယ်၊ ၂၀၀၉ ခုနှစ်မှာ.... ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေချိန်၊ ဖေဖေ့ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ကျနော်တက်နေတဲ့ တက္ကသိုလ်ကနေ ဖေဖေ့အနားကို ပြန်ခဲ့တယ်၊ ဝေဒနာတွေကို အလူးအလဲ ခံစားနေရတဲ့ ဖေဖေ့ကိုကြည့်ပြီး ကျနော် မျက်ရည်တွေကို မထိန်းနိုင်ခဲ့ပါဘူး၊ ဖေဖေ မမြင်အောင် ဂရုစိုက်နေခဲ့ပေမယ့်... တစ်ခါတစ်လေ တွေ့မြင်သွားတဲ့ ဖေဖေက... အားတင်းထားတဲ့ အပြုံးတွေနဲ့... ပြောတယ်၊ ""သားလေး... မငိုနဲ့ မငိုနဲ့.. ဖေဖေ အရမ်းကြီး နာနာ ကျင်ကျင် မခံစားရပါဘူး"" တဲ့၊ အဲ့ဒါကတော့ ဖေဖေရဲ့ မုသားတွေထဲက ကျနော် လုံးဝမေ့မရတဲ့ အချိုသာဆုံး တစ်ခုပါ။ အဲ့ဒီနောက်တော့ ဖေဖေဟာ... လောကကြီးထဲကနေ ထွက်သွားတော့တာပါပဲ။

          နောက်ပြီးတော့ မေမေ၊ ကျနော်တို့အိမ်မှာ ထမင်းမလောက်တဲ့နေ့... ဟင်းကကောင်းလွန်းတော့ မိသားစုတွေ ထမင်းစားကောင်းတဲ့နေ့၊ အဲ့ဒီနေ့မှာ ထမင်းကလည်း ကုန်ပြီ၊ အဲ့ဒီမှာ ကျနော်ထမင်း မ၀သေးတာကို သိတဲ့မေမေ....၊ ကျနော့ကို မုသားပြောခဲ့တယ်။ ""စား... သားလေးစား... မေမေက သိပ်မဆာဘူး"" ဆိုပြီး သူ့ပန်းကန်ထဲက စားလက်စထမင်းတွေကို ကျနော့ပန်းကန်ထဲကို ထည်ပေးခဲ့တယ်။ အဲ့ဒါကတော့ ကျနော်သိတတ်စအရွယ်... မေမေ့ရဲ့ ပထမဆုံး မုသားစကားပါ။
          ကျနော် နဲနဲ အရွယ်ရောက်လာတော့... ပိန်လှီသေးကွေးတဲ့ ကျနော့ကို အဟာရဓါတ် ပြည့်ဝစေချင်တဲ့စိတ်နဲ့... လယ်ထဲက တမံမှာ မေမေနဲ့ကျနော် ငါးသွားမျှားတယ်၊ အဲ့ဒီနေ့က ငါးနှစ်ကောင်မိတော့... မေမေက ဟင်းချိုချက်တိုက်တယ်၊ ဒီတော့.. ကျနော်က ဟင်းချိုကို အားရပါးရ သောက်နေတုန်းမှာ... မေမေက ကျနော့ဘေးနားမှာ ထိုင်ကြည့်ပြီး ကြည်နူးမှုအပြည့်နဲ့ပါ၊ တစ်ခါတစ်လေမှာတော့ ကျနော်စားထားတဲ့ အကြွင်းအကျန် အရိုးလေးတွေကို ယူစားတယ်၊ ဒါကိုမြင်ပြီး ကျနော်က စိတ်မကောင်းတော့... ငါးအသားလေးဖဲ့ပြီး မေမေ့ကို ကျွေးတယ်၊ ဒါပေမဲ့ မေမေက မစားဘူး၊ ပြီးတော့.. ပြောတယ်... ""သားလေးပဲ စားပါ... မေမေက ငါးမကြိုက်ဖူး"" တဲ့။ ဒါကတော့ မေမေ့ရဲ့ ဒုတိယမြောက် မုသားပါ။
          ကျနော် ကျောင်းနေရမယ့်အရွက် ရောက်လာပြီ၊ အဲ့ဒီတုန်းက မေမေတို့က လယ်ယာလုပ်ငန်း လုပ်ကြတယ်၊ ညဖက်ဆို စပါးချွေတယ်၊ နွားတွေ စက်တွေနဲ့ပေါ့၊ ကျနော်စာဖတ်တာကိုလည်း စောင့်ရှောက်သေးတယ်လေ၊ ဒီလိုနဲ့ ညတစ်ညမှာ... ကျနော်နိုးလာတဲ့အချိန်.. တော်တော်လည်း ညဥ့်နက်နေတော့... မေမေက စပါးတွေ ချွေလှေ့နေတုန်းပါပဲ၊ ဒီတော့.. ကျနော်က မေမေ့ကို အိပ်တော့ဖို့၊ မနက်ဖြန်မှ ဆက်လုပ်ဖို့ပြောတော့... မေမေက ပြုံးပြီး ပြန်ပြောတယ်... ""သားလေး သွားအိပ် သွားအိပ်၊ မေမေက အိပ်ချင်စိတ် မရှိသေးလို့ ဆက်လုပ်လိုက်ဦးမယ်"" တဲ့၊ ဒါကတော့ မေမေ့ရဲ့ တတိယမြောက် မုသားပါ။
           တစ်ခါက... ကျနော် အတန်းတင် စာမေးပွဲဖြေတဲ့နေ့၊ မေမေက ကျနော့ကို ကျောင်းလိုက်ပို့ပြီး ကျောင်းအပြင်ဖက် တစ်နေရာက ထိုင်စောင့်နေတယ်၊ စာမေးပွဲ ပြီးပြီးချင်း မေမေ့ဆီကို ကျနော် အပြေးအလွှားသွားတယ်၊ မေမေက ကျနော့ကိုဖက်ပြီး အသင့်ပြင်ထားတဲ့ အချိုရည် အေးအေးလေး တစ်ခွက်တိုက်တယ်၊ အဲ့ဒီမှာ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေတဲ့ မေမေ့ကိုမြင်တော့.. ကျနော်စိတ်မကောင်းဘူးပေါ့၊ ဒါနဲ့ကျနော်က မေမေလည်း သောက်ဖို့ပြောတော့... မေမေက ထုံးစံအတိုင်းပါပဲ... ""ငါ့သားပဲသောက်ပါ မေမေ ရေမဆာဘူး"" တဲ့၊ အဲ့ဒါကတော့.. မေမေ့ရဲ့ စတုတ္ထမြောက် မုသားပါ။

          အဲ့ဒီနောက် ကျနော်တို့မောင်နှမတွေ အရွယ်ရောက်ပေမယ့် ကျောင်းမပြီးသေးခင်မှာ ဖေဖေဆုံးတယ်၊ မေမေ့အသက်က (၄၀)၊ ဒီတော့ ဆန်စပါးကုန်သည်လောကကို ရောက်နေပါပြိ၊ မိသားစုရဲ့တာဝန်တွေအားလုံးဟာ မေမေ့ခေါင်းပေါ်မှာချည်းပေါ့၊ အဲ့ဒီတုန်းက မေမေ အရမ်းပင်ပမ်းခဲ့တယ်၊ ကျနော်လည်း မေမေ့ကို ကူညီနိုင်အောင်ဆိုပြီး ကျနော်တက်နေတဲ့ တက္ကသိုလ်ပညာ ဓါတုကို အဝေးသင်နဲ့ ပြောင်းပြီးတက်ဖို့ ကျနော်က တောင်းဆိုတယ်၊ မေမေက ခွင့်မပြုဘူး၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက မေမေ့ကို နောက်အိမ်ထောင်ပြုဖို့ တိုက်တွန်းကြတယ်၊ အဲ့ဒီမှာ... ပတ်ဝန်းကျင်ကို ခပ်ပြတ်ပြတ်ငြင်းဆိုပြီး ခိုင်ခိုင်မာမာနဲ့ စကားတစ်ခွန်းကို မေမေ ပြန်ပြောလိုက်တာက ""ကျမရဲ့ဘ၀အတွက် ကျမခလေးတွေရဲ့ ချစ်ခြင်း မေတ္တာနဲ့ လုံလောက်တယ်"" တဲ့၊ ဒါကတော့ ပဉ္စမမြောက် မုသားပါ။
          ကျနော် ကျောင်းပြီးတော့ အခုချိန်ထိပဲ၊ မေမေ့ကို အလုပ်နားဖို့ ကျနော်တစ်ယောက်တည်း လုပ်ခွင့်ပေးဖို့၊ အကြိမ်ကြိမ် ပြောတယ်၊ မေမေက လုံးဝလက်မခံဘူး၊ ""မေမေက အလုပ်မရှိရင် ပျင်းလို့ပါ"" တဲ့၊ ဒါကတော့ မေမေ့ရဲ့ ဆဌမမြောက် မုသားပါ။
          ပြီးတော့... ကျနော်တို့ လုပ်ငန်းတွေ အဆင်ပြေလာတဲ့ မနှစ်က... ရန်ကုန်ကို ပြောင်းပြီး ဆန်ပွဲရုံဖွင့်ချင်တာပေါ့၊ ဒီတော့ မေမေ့ကို ပြောတယ်၊ သားတို့တွေ ရန်ကုန်မှာ အိမ်ဝယ်မယ်၊ မေမေနဲ့ ညီမလေးက ရန်ကုန်မှာပဲနေ၊ သားက ဒီမှာနေပြီး အလုပ်လုပ်မယ် ဆိုတော့.. မေမေက ""အဲ့ဒီလို ဘ၀ကြီးမှာ မေမေ နေတတ်မှာ မဟုတ်ပါဘူး... သားရယ်"" တဲ့၊ ဒါကတော့ မေမေ့ရဲ့ သတ္တမမြောက် မုသားပါ။
           သူငယ်ချင်းတို့ရေ... သားသမီးတွေအပေါ်မှာ မိဘတွေက ချစ်ခြင်း မေတ္တာတွေအတွက် တာဝန်တွေ ကျေပွန်စွာနဲ့ သူတို့ကိုယ် သူတို့ အနစ်နာခံတဲ့ မုသားလေးတွေသုံးပြီး လောကအလယ်မှာ ကျနော်တို့ကို စိတ်ချ လက်ချ ထားခဲ့ကြတာ ဓမ္မတာပါပဲနော်၊ အဲ့ဒီတော့ဗျာ... ကျနော်တို့တွေကရော.. မိဘတွေ ရင်းနှီးပေးဆပ်ခဲ့တဲ့ ဒီဘ၀တွေနဲ့ ဘာတွေများ ထိုက်ထိုက်တန်တန်  ပြန်လည်ပေးဆပ်ခဲ့ပါသလဲ၊ ပေးဆပ်ပြီးပြီလား၊ ပေးဆပ်ဖို့ကြိုးစားနေတုန်းလား၊ ပေးဆပ်ဖို့ သတိမရ ဖြစ်နေတာလား ဆိုပြီး အမြဲလိုလို စဉ်းစားနေမိပါတယ်၊ အဲ့ဒီအတွေးတွေကိုသာ ဖေဖေ ကြားနိုင်ခဲ့ရင် ဘယ်လိုမုသားတွေကိုများ ဆိုဦးမလဲ မသိပါဘူးဗျာ၊ သေချာတာကတော့ မေမေသိခဲ့ရင်... အဌမမြောက် မုသားကို သေချာပေါက် ဆိုမှာပါ....။


ကျနော့သူငယ်ချင်းတွေ အသိတရားလေးတစ်ချို့ ရနိုင်ကြပါစေ......

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment