RADIO

What is current song?

RSS

ကွာရှင်းစာချုပ်တစ်စောင် ရဲ့ နောက်ကွယ်က ဖြစ်ရပ်လေးတစ်ခု

ကွာရှင်းစာချုပ်တစ်စောင် ရဲ့ နောက်ကွယ်က ဖြစ်ရပ်လေးတစ်ခု

ကွာရှင်းစာချုပ်တစ်ခုပေါ်မှာ လက်မှတ်ထိုးလိုက်ကြတဲ့ လူသားနှစ်ဦးဆီတိုင်းမှာ အကြောင်းရာ အဖြစ်ပျက်လေးတွေ
ရှိနေတတ်ကြပါတယ်ရှင်.........။ ဘ၀တစ်ခုကို တူတူတည်ဆောက်ကြပြီးမှ ဘာလို့ လမ်းခွဲခြင်းဆိုတဲ့ ခေါင်းစဉ်
တစ်ခုအောက် ကို   ရောက်ခဲ့ကြရတာလဲ........။ အိမ်ထောင်တစ်ခုကို အပြီးပိုင် အဆုံးသတ်လမ်းခွဲဖို့
ဆုံးဖြတ်တဲ့နေရာမှာယောကျာင်္းလေးတွေထက် မိန်းကလေးတွေက ဘက်စုံကနေ သေချာပိုတွေးတတ်ကြပါတယ်။  အိမ်ထောင်ပျက်ဘ၀ကို မရောက်လိုကြသည့် မိန်းမသားတို့ မွေးရာပါဗီဇစိတ်ဖြင့် အတတ်နိုင်ဆုံး ထိန်းချုပ် သည်းခံ ဖို့ကိုလဲ ကြိုးစားတတ်ကြပါတယ်.........။
ဒါပေမယ့်ဘယ်လိုမှ မထိန်းနိုင်တော့တဲ့ အခါမှာတော့ ကွာရှင်းစာချုပ်တစ်ခုပေါ်မှာ ကြွေလက်မှတ်ရေးထိုး လိုက်ရပါတော့သည်။
ကြွေ ကို့ ကိုကွာရှင်းခဲ့ပါတယ် *ကို*
ကွာရှင်းစာချုပ်တစ်စောင် ရဲ့ နောက်ကွယ်က ဖြစ်ရပ်လေးတစ်ခု

ကြွေ ကို့ကို လက်ထပ်ခဲ့စဉ်က အရမ်းကို ငယ်လွန်းခဲ့ပါတယ်.........အချစ်ဆိုတာနဲ့ ခင်မင်မှု သံယောဇဉ်ဆိုတာကို
သေချာကွဲကွဲပြားပြားမသိခဲ့ နားမလည်ခဲ့ပါဘူး.......ကြွေမိဘ နှစ်ပါးက ကျောင်းဆရာ ဆရာမတွေ ဖြစ်တဲ့ အတွက်
ကြွေတို့ကို အရမ်းကို ချုပ်ချယ်ပါတယ်........သူငယ်တန်းကနေ 10တန်းရောက်တဲ့ အထိ ကြွေဘ၀မှာ သူငယ်ချင်းတွေနဲ့
အပြင်ဆိုတာကို တစ်ခါမှ မသွားခဲ့ဘူးဘူး..........။ ကျောင်းတက်ရင်လဲ မနက်9နာရီ ကျောင်းတက်တယ်ဆို 8.45မှ အိမ်က
ကားနဲ့ လိုက်ပို့ပေးတယ်.....ကျောင်းရှေ့ကို ရောက်တာနဲ့ ကျောင်းတက် ခေါင်းလောင်းထိုးတော့တာပါဘဲ။ ဒီလိုနဲ့
အချိန်တွေ ကုန်ဆုံးခဲ့ရပါတယ်...........အိမ်ထဲမှာ လိုတယ်ဆိုတာ မရှိအောင်နောက်ဆုံး ကြွေ ကိုယ်လိမ်းဖို့ သနပ်ခါးတောင်
ကိုယ်တိုင် သွေးမလိမ်းရအောင် ဖြည့်စီးပေးတတ်ပေမယ့် အပြင်ထွက်တာ သူငယ်ချင်းတွေနဲ့ ပတ်သတ်လာရင်တော့
တင်းကျပ်မှုတွေ အရမ်းများပါတယ်။ ကြွေ 9တန်းမှာ  ကိုသူ ဆိုတဲ့ *ကို* က ကြွေ နားကိုလိမ်မာပါးနပ်စွာနဲ့ ချဉ်းကပ်လာခဲ့ပါတယ်။ ကြွေအတွက်
အပြင်ထွက်ချိန်ဆိုတာ ကျောင်းဝန်းထိပ်ကနေ စာသင်ခန်းထဲကို မရောက်ခင် ကြားကာလလေးကို အပြင်ထွက်ရတယ်လို့
ခေါ်တာပါဘဲ........။ဒီအချိန်တွေကို အမိအရ စာလိုက်ပေးတတ်တယ်.........။ ကြွေ တို့ခေတ်က လွယ်အိတ်ထဲကို စာထည့်
ပေးတဲ့ ခေတ်လေ.........။ ကြွေ မသိအောင် ကြွေလွယ်အိတ်ထဲကို ကို စာချွန်လွှာတွေ တစ်နေ့တစ်စောင် ရောက်ရောက်
လာတတ်ပါတယ်.........ကို က ကြွေထက် နှစ်နှစ်တိတိ ကြီးပေမယ့် အတန်းကတော့ တူတူဘဲလေ..........။ ကြွေ တွေးမိတယ်
ကို့ကို ကြွေ တကယ်မှ ချစ်ခဲ့ရဲ့လားလို့လေ............။ ဟင်အင် ကြွေ ကို့ကို မချစ်ခဲ့ဘူး သေချာတယ်။။........ငယ်လွန်းတဲ့ အသက်ရွယ်မှာ
သာယာတဲ့ စိတ်ကို အချစ်လို့ ခေါင်းစဉ်မှားတပ်ခဲ့မိတာ.........ဒီအရွယ်ဆိုတာ လေတိုက်ရင်တောင် လိုက်ရယ်ချင်တဲ့ အရွယ်
မျိုးလေ.........။ကျောင်းမှာသူကလဲ စတားလေ..........သုံးနိုင်တယ် ကိုယ်ပိုင်ကားကို 9တန်းနဲ့ သူကိုယ်တိုင်မောင်းတတ်နေပြီ။
မိန်းကလေးအများစုရဲ့ စိတ်ဝင်စာခြင်းကို ခံရတဲ့ သူတစ်ယောက်က ကြွေကို ချစ်တယ်ဆိုတော့ သာယာမိတာပေါ့..........။
ကြွေတို့ သူငယ်ချင်းအဖွဲ့လေးထဲကို ကို မသိမသာနဲ့ နေရာယူလာခဲ့တယ်..........။ ကြွေကလွဲရင် အားလုံးက ကျူရှင်တစ်ဝိုင်းထဲ တက်ကြတယ်လေ..........ကိုလဲပါတာပေါ့..........။ ဒီလိုနဲ့ ကြွေ နဲ့ ကို ရည်းစားတွေ ဖြစ်ခဲ့ကြပါတယ်။
ရည်းစားဆိုတာလဲ စာထဲမှာတင် ရည်းစားဖြစ်နေတာမျိုးပါ..........သူများ သမီးရည်းစားတွေလို အအေးဆိုင်တူတူ ထိုင်တာတို့ ..........ဟိုနေရာမှာ ဒီနေရာမှာ ချိန်းတွေ့တာမျိုးလဲ မရှိခဲ့ပါဘူး။ ရည်းစား စဖြစ်တုန်းကတော့ ကို့ ကချိန်းတယ် ။သူချိန်းပေမယ့် ကြွေမှ ထွက်မရဘူးလေ။.......နောက်တော့  ကို ကြွေကို ဘယ်တော့မှ မချိန်းတော့ဘူး။ ကြွေ 10တန်းနှစ်မှာ
ကို တို့အိမ်က စီးပွားတွေ တအားကို ထိုးကျသွားတယ်.........ကြွေ အိမ်က ကြွေကို ရန်ကုန်မှာ ကျောင်းပြောင်းထားလိုက်တယ်လေ.........ကိုနဲ့ ကြွေ ရည်းစားဖြစ်နေတာကို သိသွားတော့ 10တန်းမှာ
နှစ်ချင်းပေါက်မအောင်ဆိုးတာကြောင့် ပါ။ ရန်ကုန်မှာ ကျောင်းပြောင်းတက်လိုက်ရတယ်။.......အဲဒီနှစ်မှာ ကြွေက နှစ်ချင်းပေါက် အောင်ခဲ့ပေမယ့် ....ကို ကတော့
ဘော်ဒါမှာ သွားနေတာတာင် စာမေးပွဲကျတယ်လေ.........။ကြွေ ရန်ကုန်မှာ သွားနေတဲ့ တနှစ်လုံး အဆက်သွယ်ပျက်ခဲ့တယ်။ ပြန်ရောက်ပြီး တစ်လလောက် အကြာ ညနေခင်းတစ်ခုမှ ကြွေနဲ့ ကို အခွေဆိုင် မှာ ပြန်ဆုံမိကြတယ်.........ကို့ ကို ကြွေ လုံးဝမမြင်ဘူး.........ကြွေ အခွေဆိုင်ထဲ ၀င်တော့ ကိုက အခွေဆိုင်ထဲမှာ ကြိုတင်
ရှိနေခဲ့တယ်လေ။..................ကြွေ ဆိုင်ထဲ ၀င်လိုက်တယ်ဆိုရင်ဘဲ
*ကြွေလေး*
ရင်းနှီးတဲ့ ခေါ်သံကြောင့် အသံလာရာဆီကို လှည့်လိုက်တယ်ဆိုရင်ဘဲ ကို့ ကို တွေ့လိုက်ရတယ်။
*ဟင် ! ကိုသူ*
*ဘယ်လို ခေါ်လိုက်တာလဲ ကြွေလေး..........ကိုသူဟုတ်လား........ကို လို့ဘဲ ခေါ်ပါကွာ.........နော်*
*မပြောတတ်ဘူးလေ...........ကိုသူမှာ ချစ်သူတွေဘာတွေ ရှိနေရင် အားနာလို့ပါ*
*ရှိစရာလားကွာ........ကြွေလေး ရှိနေတာကို နောက်ထပ် ချစ်သူရှိစရာလား*
*ကြွေ သွားတော့မယ်.........လေးလေး လိုက်ပို့တာ ကွယ်နေလို့ မမြင်လို့..........ကို့ကို တွေ့ရင် ကြွေ ဆူခံရမှာ
ကြွေ သွားတော့မယ်နော် ကို*
ဒီလိုနဲ့ ကြွေနဲ့ကို ရည်းစားတွေ ပြန်ဖြစ်ခဲ့ကြတယ်.........တစ်နေ့ ဖေဖေနဲ့မေမေက သူတို့မိတ်ဆွေ စစ်ဆေးတက်နေတဲ့
အကို တစ်ယောက်နဲ့ ကြွေကို စေ့စပ်ပေးဖို့ တိုင်ပင်နေတာကို မထင်မှတ်ဘဲ ကြွေကြားလိုက်သိလိုက်ရတယ်............။
ကြွေက နှလုံးအားနည်းတဲ့ ရောဂါ ရှိနေသူတစ်ယောက်မို့ စိတ်ချရအောင် မေမေတို့ စီစဉ်ကြတာလေ.........ကြွေကိုတော့
အသိမပေးကြသေးဘူး..........ကြွေ စိတ်ထဲ စိုးရိမ်မိသွားတယ်။။။။။စိတ်ထဲမှာလဲ ဝေခွဲရခက်နေမိတယ်.........။
တစ်ခါမှ မသိတဲ့ သူတစ်ယောက်ကို ကြွေ မလိုချင်ဘူး............နောက်ပြီး ကြွေ ခုလိုချုပ်ချယ်ခံဘ၀ကြီးကိုလဲ ကြွေ မွန်းကျပ်လွန်းလှပြီ။ကြွေ ကို့ဆီဖုန်းခေါ်ပြီး အကြောင်းအရာတွေကို ပြောပြလိုက်မိတယ်..........ကို့ ကချက်ချင်းဆိုသလို
ခိုးပြေးမယ်လို့ စီစဉ်တယ်လေ...........ကြွေ အံ့သြနေမိတယ်..........အိမ်မက်မက်နေသလားလို့ အကြိမ်ကြိမ် တွေးမိတယ်။
မသေချာ မရောရာမှုတွေနဲ့ အိမ်ထောင်သည်ဆိုတဲ့ ဘ၀ တစ်ခုကို ကြွေ အသက် 18နှစ်နဲ့ 7ရက်ပြည့်တဲ့နေ့မှာ ရောက်ရှိခဲ့ပါတယ်ရှုင်..............။
(ကြုံတုန်းလေး ခိုင်လေး ညီမငယ်တွေကို ပြောချင်တယ်........18နှစ် 21နှစ်အတွင်း ခံစာချက်တွေက မခိုင်မာ မသေချာတတ်ပါဘူး..........စိတ်ကစားတာလား တကယ်လားဆိုတာကို သေချာအောင် မတွေးနိုင်တတ်ကြပါဘူး။
ဖြစ်နိုင်ခြေအများဆုံးကတော့ စိတ်ကစားတာဘဲ ဖြစ်ဖို့ သေချာပါတယ်ရှင်။)
ကြွေထင်ခဲ့တာက ကြွေ မရဘူးတဲ့ ပျော်ရွင်လွပ်လတ်ခြင်းတွေ ရလိမ့်မယ်လို့ တထစ်ချ ယုံကြည်မိခဲ့တာပါ........။
တကယ်ကြွေ ပိုင်ဆိုင်လိုက်ရတာက ကို့ရဲ့ နေတတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ တာဝန်မယူတတ်ခြင်း ၊ ဥပက္ခာပြု
ရက်စက်ခြင်းဆိုတာတွေကို ဘဲ ကြွေ အဲပြည့်ဝ ပိုင်ဆိုင်လိုက်ရတယ်........ကြွေ အိမ်ထောင်သက် တနှစ်လောက်မှာတော့
ကြွေ အသေချာသိသွားခဲ့တယ်..........ကြွေ ကို့ကို လုံးဝမချစ်ခဲ့ဘူးဆိုတာကို .........ဒါပေမယ့် ကြွေ မှာ ပြင်ဆင်ဖို့ အခွင့်
ရေးလုံးဝကို မရှိခဲ့ပါဘူး.......ဘာလို့လဲဆိုတော့ ကြွေ မိကောင်းဖခင်သားသမီးပီတစွာ တစ်သက်မှာ တခါဘဲ အိမ်ထောင်ပြုချင်တယ်............အဲဒီအိမ်ထောင်ကိုလဲ တည်မြဲဖို့ ကြွေ ကြိုးစားချင်တယ်...........ကို့ ကြွေအပေါ် တာဝန်မကျေလဲ ကြွေ ပျော်အောင်ကြိုးစားနေခဲ့ပါတယ်........တဖြေးဖြေး  ဆိုးရွားလာတဲ့ ကို့အခြေနေက ကြွေ အကိုင်တွယ်မတတ်လို့လား ကံကြမ္မာက ရက်စက်လို့လား .......ဘာအလုပ်ကို လုပ်လုပ် အရှုံးတွေ ပေါ် အကြွေးတင်......စိတ်ညစ်လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့  .... ကို့ မိုးလင်းမိုးချုပ် အရက်ကို သောက်လာတတ်တယ်။
နောက်ဆုံး ကြွေအိမ်မှာဆို သနပ်ခါးတောင် သွေးပြီးတားကို အဆင်သင့် လိမ်းတဲ့ဘ၀တစ်ခုနဲ့ နေလာတဲ့ ကြွေ လမ်းဘေးမှာ
လက်ဖက်သုတ် အအေးတွေတောင် ရောင်းခဲ့ရပါတယ်...........ကြွေ အဲဒီအချိန်ထိ နောက်ဆုတ်လိုက်ဖို့  မတွေးခဲ့ပါဘူး......။
ကြွေ ရွေးချယ်ထားတဲ့ လမ်းတစ်ခုကို အဆုံးထိ လျှောက်ဖို့ကိုဘဲ ကြွေ တွေးမိတယ်...........စကားများ ရန်ဖြစ်လို့
မိုးကြီးလေကြီး ကျနေတဲ့အချိန် မီးတွေကပျက် ခြောက်ခြားဖို့ကောင်းတဲ့ညတွေမှာ အိမ်တံခါးကို အပြင်ကနေ သော့ခတ်ပြီး
တစ်ယောက်ထဲ ပြစ်ထားခဲ့တဲ့ ရက်စက်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့ရလဲ နောက်ဆုတ်ဖို့ မတွေးခဲ့ဘူးပါဘူး။။။။။။။။။အိမ်ထောင်ကွဲ
မိန်းမတစ်ယောက်အဖြစ်ကို မခံယူချင်လို့ပါ။*ကို* မပေါ် သည်းခံနိုင်မှုတွေ ကြွေရင်ထဲ ထွက်ပြေးမသွားပါစေနဲ့လို့ဘဲ ကြွေ
ဆုတောင်းမိပါတယ်..........ဒါပေမယ့် ဆုတောင်းတွေ မပြည့်ခဲ့ပါဘူး............။
ကြွေ ကို့ကို လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ရတဲ့ ရင်နာစရာ ဖြစ်ရပ်လေး

တစ်နေ့ ကြွေ ဆိုင်ခင်းနေတုန်း ကြွေဆီကို ဧည့်သည်တစ်ယောက် ရောက်လာပါတယ်....အဲဒီဧည့်သည်ကို တွေ့လိုက်ရတော့
ကြွေ အရမ်းကို အံ့သြသွားမိတယ် ။ဘာလို့လဲဆိုတော့ ကြွေဆီကို လာလည်တဲ့ သူက ကြွေ ကို ငယ်ငယ်က စိတ်ဝင်စားနေတဲ့
အကိုကြီး တစ်ယောက်ဖြစ်နေတယ်.....အဲဒီအကိုက ကြွေ ဆီကိုလာလည်တာတဲ့ ........ကြွေ အတွက်ဆိုပြီး ကြွေသိပ်ချစ်တဲ့
အရုပ်အကြီးကြီးတစ်ခုပါ လက်ဆောင်ပေးသွားတယ်.........ကြွေ အတင်းငြင်းနေတာကို အဲဒီအကိုက အတင်းကို ပေးသွား
ခဲ့တယ်။ ကိုလဲ အနားမှာ ရှိနေတယ်လေ.........ယူလိုက်ပါဆိုတာနဲ့ ကြွေ လက်ခံထားလိုက်တယ်.........အဲဒီအကို ပြန်သွားပြီး
5ရက်လောက်ကြာတော့ ကြွေ အရုပ်ကြီးက ထိတာနဲ့ သီချင်းသံတွေ ထွက်နေလို့ဆိုပြီး ဓာတ်ခဲတွေ ထုတ်လိုက်တဲ့ အချိန်မှာ ဓာတ်ခဲထည့်တဲ့ထဲမှာ ငွေ တစ်သိန်းတစ်အုပ်နဲ့ စာတစ်စောင်ကို တွေ့လိုက်ရတယ်...........။
စာကိုဖောက်ဖတ်လိုက်မိတော့................
ညီမလေး
    အကို လာလည်တယ်ဆိုတာ ညီမလေးအပေါ် ဘာစိတ်မှ မရှိပါဘူးနော်.........ညီမလေးတစ်ယောက်လို ခင်လို့ပါ။
ခုပေးတဲ့ ပိုက်ဆံကလဲ အကိုတစ်ယောက်က ညီမလေးတစ်ယောက်ကို မုန့်ဖိုးပေးတာပါဘဲ.........ဒီတိုင်းပေရင် ကြွေ
လုံးဝလက်ခံမှာ မဟုတ်ဘူးဆိုတာ ကို သိနေလို့ ဒီလိုထည့်ပေးလိုက်ရတာပါ........။ ကြွေ ကို ခုလိုဘ၀နဲ့ မြင်နေရတာလဲ ကိုကြီး
တကယ်ကို စိတ်မကောင်းဘူးကွာ............ကြွေ အမြန်ဆုံး ပျော်၇ွင်ဖွယ် ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေနော်............။
ကြွေ စိတ်မကောင်းလိုက်တာ...........ကြွေ ဘယ်သူဆီကမှလဲ ဒီလို မယူဘူးဘူး..........ခုကိုကြီးပေးတာကိုလဲ လက်မခံနိုင်ဘူး။ကြွေ စိတ်လဲတအားဆိုးတယ်...........ချက်ချင်း ကို့ကို ပြောပြပြီး ကိုကြီးဆီ ဖုန်းဆက်ပြီး ငွေကို ပြန်ပို့မဲ့အကြောင်းပြောပြလိုက်တယ်။ ကြွေသိတဲ့ နေ့က သောကြာနေ့ ညနေဖြစ်နေလို့
ပိုက်ဆံကို ချက်ချင်း လွဲဖို့ အဆင်မပြေဘူးရှင်။ တနလာင်္နေ့ ရောက်မှ လွှဲလို့ရတော့မှာလေ။ ပိုက်ဆံတွေကို ဒီတိုင်းဘဲ သိမ်းထားလိုက်တယ်........။ တနလာင်္နေ့ ရောက်လို့ ငွေလွှဲဖို့ ပိုက်ဆံကို ကြည့်လိုက်တော့ ကြွေ ပိုက်ဆံက 5သောင်းဘဲ
ရှိတော့တယ်..........ကြွေ ကို့ကို အော်ခေါ်တာပေါ့................
*ကို့ .......ကို..........*
*ဟာ.....ဘာလို့ အော်နေတာလဲကွာ...........ဆူညံနေတာဘဲ*
*ကိုရေ ပိုက်ဆံ 5သောင်းပျောက်သွားလို့ လုပ်ပါအုံး ဒီနေ့ လွဲပေးမယ်ပြောထားတာ*
*ကို သုံးလိုက်တယ်...ကိစ္စရှိလို့*
*ဘာ! ကို သုံးလိုက်တယ် ဟုတ်လား........အောင်မလေး ရက်စက်လိုက်တာ ကိုရယ်.........ကြွေ ဘာနဲ့ ပြန်ထည့်ရမှာလဲရှုင်*
*ကြွေကိုက ရှည်တာ ဟိုက မုန့်ဖိုးပေးတာဘဲ ယူလိုက်ပေါ့..............*
*ကို ဘယ်လိုပြောလိုက်တာလဲ...........သူပေးတာကို ကြွေက ယူရင် ဘယ်လိုဖြစ်သွားမလဲကို သေချာတွေးပါအုံး။
ကို ခုလိုသုံးလိုက်တော့ ကို ကြွေကို ရောင်းစားလိုက်တာနဲ့ မတူဘူးလား ကို......ကိုရယ် ရက်စက်လိုက်တာရှင်*
ကိုကတော့ သူမဟုတ်သလိုဘဲ ထွက်သွားပါတယ်.............ကြွေမှာတာ နောက်ဆုံး လက်နက် ကြွေနားက အဖြစ်ပန်ထားတဲ့
နားကပ်လေးကို ချွှတ်ရောင်းပြီး ကိုကြီးဆီ ငွေ တစ်သိန်းပြည့်အောင် ပြန်လွှဲပေးလိုက်ပါတယ်.......ကြွေ ရင်ထဲမှာ
စူးနစ်နေအောင် နာကျင်ခံစားလိုက်ရတဲ့ဝေဒနာက ကြွေ ဘ၀ထဲကနေ ကို့ကို အပြီးပိုင်မောင်းထုတ်လိုက်ပါတော့တယ်ရှင်။
သည်းခံခြင်း၊ နားလည်ခြင်း၊ခွင့်လွတ်ခြင်း ဆိုတဲ့ ခြင်းများစွာကို *ကို *အပေါ်မှာ ကြွေ ထားပေးခဲ့ပြီးပါပြီ။အချစ်ဆိုတာ မရှိခဲ့ပေမယ့် ကြွေ အကောင်းဆုံး နဲ့ တာဝန်အကျေဆုံး ဖြစ်အောင် ကိုအပေါ်မှာ ပေးဆပ်ပေးခဲ့ပါတယ်။ကြွေ ပြန်ရလိုက်တာ
တွေက ရက်စက်ခြင်း၊ စာနာမှုကင်းခြင်း ၊ ရက်စက်တဲ့ ဥပက္ခာပြုခြင်း ဆိုတာတွေဘဲ ကိုက ကြွေကို လက်ဆောင်ပြန်ပေး
ခဲ့တယ်.............ဒါကြောင့် ကြွေ ကွာရှင်းစာချုပ်ပေါ်မှာ အက္ခရာတင် လက်မှတ်ထိုးလိုက်ရပါတော့သည်။
ဘ၀ဆက်တိုင်း ဆက်တိုင်း *ကို* လိုလူနဲ့ မဆုံတွေ့ပါရစေနဲ့ ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment