RADIO

What is current song?

RSS

အချစ်အကြောင်းနော်...(အချစ်ကိုစိတ်ကုန်ဖူးလား)တဲ့

ရန်ကုန်မှာ ၁၀ တန်းအောင်ပြီး၊
တက္ကသိုလ် ပထမနှစ် တက်ခဲ့စဉ်က မိုးကုတ်သူ မိန်းကလေး တစ်ယောက်နဲ့ အလွန်ရင်းနှီးပြီး သူငယ်ချင်း ဖြစ်ခဲ့ပါတယ်။ အဲဒီကောင်မလေးရဲ့ မိဘများဟာ မိုးကုတ်မှာ ကျောက်တွင်းများ လုပ်ကိုင်ပြီး၊ ရန်ကုန်တွင် နေထိုင်ကာ၊ တွင်းထွက် ပတ္တမြား ကူးသန်းရောင်းဝယ်တဲ့ အလုပ်လုပ်ကြပါတယ်။ .......................
.................
သူတို့ဟာ ပြည်ပ နိုင်ငံများမှာ အိမ်ခြံမြေတွေ ဝယ်ထားနိုင်ပြီး၊ ဒီတသက် စားမကုန်နိုင် လောက်အောင် ချမ်းသာ ကြွယ်ဝကြပါတယ်။
ဒီကောင်မလေးရဲ့ ဘဝပေး ကုသိုလ်ကံ ကောင်းတယ်လို့ ဆိုရပါမယ်
ငွေကြေးအရလည်း အလွန်ချမ်းသာ ကြွယ်ဝသလို၊ ရုပ်ရည်မှာလည်း ရုပ်ရှင် မင်းသမီး လုပ်လို့ ရအောင် ချောမော လှပပါတယ်။
မိမိနဲ့ကတော့ တစ်ယောက်နဲ့ တစ်ယောက် အလွန် ရင်းနှီးကြတဲ့ အတွက်ကြောင့် တစ်ယောက် အကြောင်း တစ်ယောက် ပွင့်ပွင့်လင်းလင်း ဖွင့်ဟ တိုင်ပင်ဖော် တိုင်ပင်ဖက် ဖြစ်ကြပါတယ်။
ဒီကောင်မလေးဟာ အထက်မှာ ဆိုခဲ့သလို ငွေကြေး ပြည့်စုံ ကြွယ်ဝတဲ့ အပြင်၊ ရုပ်ရည်မှာလည်း ပြောစရာမရှိတဲ့ အတွက်ကြောင့်လား မသိပါ၊
သူဟာ သူလှလှပပနဲ့ စိတ်ချမ်းသာမှု ရှိဖို့ကမှ အပ၊ ဘာကိုမှ သိပ် လေးလေး နက်နက် ဂရုမစိုက် တတ်ပါဖူး။ ဥပမာ ပညာရေး ဆိုရင်လည်း၊ ဘွဲ့ရဖို့ မရဖို့ကို သူ ဂရုမစိုက်ပါဖူး။ ယောက်ျားလေးများနဲ့လဲ ထည်လဲ တွဲသွား၊ တွဲလာပြီး၊ ဘယ်သူ ဘာပြောပြော ဂရုမစိုက်ပါဖူး။
သို့သော် သူဟာ လူများကို မောက်မာခြင်း၊ ရိုင်းပြခြင်းမျိုးတော့ မရှိပါဖူး။ တနေ့တော့ သူနဲ့ မိမိတို့ အင်းယား ကန်ဘောင် ပေါ်မှာ ညနေဖက် သွားထိုင်ကြရင်း ဒီလို စကားပြောဖူးပါတယ်၊ သူက စပြီး-
“ငါတို့ အိမ်ထောင်မပြုကြရင် ကောင်းမယ်၊ နင်လဲ မိန်းမ မယူနေနဲ့တော့၊ ငါလည်း ဒီတသက်မှာ ယောက်ျား မယူတော့ဖူးလို့ စဉ်းစားတယ်”
“ဟင် ဘာဆိုင်လို့လဲ၊ ငါကြိုက်တဲ့ မိန်းကလေးနဲ့ တွေ့ရင် ယူမှာပေါ့ဟ”
“နင်က မိန်းကလေး တစ်ယောက်ကို ဘယ်လောက် ကြာကြာများ ကြိုက်တတ်လို့လဲ”
“အမယ်… နင်ကရော ယောက်ျားလေး တစ်ယောက်ကို ဘယ်လောက် ကြာကြာများ ကြိုက်တတ်လို့လဲ ပြောပါဦး”
“အေး အဲဒါ ဟုတ်တယ်၊ ငါက ကြာကြာ မကြိုက်တတ်တာ မဟုတ်ဖူး၊ ကြာလာရင် ကြိုက်ဖို့ မကောင်းတော့တာ ဟ”
“အဲဒါ နင်သတိထားရမှာ၊ ငါက ကိစ္စမရှိဖူး ယောက်ျားလေး၊ နင်က မိန်းကလေး၊ စိတ်သိပ် မကစားတာ ကောင်းလိမ့်မယ်”
“ဟ နင်က ဘာသိလို့လဲ၊ ငါက စိတ်ကစား တာမဟုတ်ဖူး၊ အခြေအနေက ဖြစ်လာတာ”
“ငါနဲ့ နင် သိတဲ့ အချိန်ကနေ နင် ရည်းစားထားလိုက်၊ ကွဲလိုက်နဲ့ ၃ယောက်လောက် ရှိပြီးပြီ၊ အရင်က နင်ဘယ်နှစ်ယောက် ရှိခဲ့လဲ ငါမသိဖူး၊ နင်နဲ့ တွေ့တဲ့ ရည်းစားတိုင်း အဲဒီလို ကွဲဖို့ အခြေအနေတွေ ဖြစ်လာလို့လား”
“အေး ငါပြောပြမယ်… ယောက်ျားလေး တစ်ယောက်က ငါ့ကို ကြိုက်လို့ ငါ့ကို ချဉ်းကပ်တယ် ဆိုပါတော့ကွာ၊ အဲဒီမှာ ငါက သူ့ကို စိတ်ဝင်စားရင်၊
ငါ့မှာလည်း လက်ရှိ ရည်းစား မရှိရင် လက်ခံလိုက်တယ်၊
အစမှာ သိပ်ကောင်းကြတယ်၊
ငါ့အတွက်ဘဲ အသက်သေ ခံမယ် ဆိုတာမျိုး၊
ငါ့ကို မရရင်ဘဲ အခုဘဲ သေတော့မယ် ဆိုတာမျိုးပေါ့ဟာ၊
အလိုလိုက်တာတွေ၊ အကြိုက်လိုက်လုပ် ပေးတာတွေကတော့ ပြောမနေနဲ့တော့၊
အဲဒီတော့ တိုတို ပြောရရင် ငါလဲ မိန်းကလေး တစ်ယောက် အနေနဲ့ သူ့ကို ချစ်မိသွားတာပေါ့ဟာ။
ဒီလိုနဲ့ တွဲလာလိုက်လို့ ၃ လ၊ ၄လ လောက်ဆိုရင် အကြောင်းတွေ၊ အကျင့်တွေ နဲနဲ ပေါ်လာပြီ၊
၆လ တစ်နှစ် ဆိုရင်တော့ ပြဿနာလေးတွေ ရှိလာပြီ၊
တစ်နှစ် ကျော်ပြီ ဆိုရင်တော့ ဆက်လက်တွဲလို့ကို မရတော့တဲ့ အခြေအနေ ဖြစ်သွားတော့တာဘဲ”
“ဘယ်လို အကြောင်းတွေ အကျင့်တွေလဲဟ”
“ထုံးစံ အကျင့်လေ… ပထမတော့ စွန့်လွှတ်မှု အပြည့်နဲ့ အချစ်အတွက် ဒါမျိုးပြောပြီး၊
နောင်မှာတော့ အတ္တဘဲလေ၊ ကိုယ့်အတွက် ကိုယ့်ဖို့၊ ကိုယ့်လိုအင် ဆန္ဒ၊ ကိုယ်လိုချင်တာ၊ ဒါဘဲ သိကြတယ်၊ အလကားပါဟာ…”
အခုလို ဒီကောင်မလေးနဲ့ စကားပြောတာကို မိမိဘဝမှာ နောင်ကြုံကြိုက်မိတိုင်း အမှတ်ရ နေပါတယ်။
မိမိ အတွေ့အကြုံနဲ့ ခံယူချက် အရဆိုရင် ယောက်ျား ဖြစ်စေ၊ မိန်းမ ဖြစ်စေ၊ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင် စွဲလမ်းမှု ရှိလာတဲ့ အခါမှာ တစ်ယောက်ယောက်က အတ္တကို သိပ်ရှေ့တန်းတင် လာတဲ့ အခါမျိုးတွေမှာ တစ်ယောက်နဲ့ တစ်ယောက်ဟာ ဘယ်လိုမှ လက်ဆက်တွဲလို့ မရတော့ပါဖူး။
ဥပမာနဲ့ ပြောရရင် ရည်းစားဘဝမှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖို့၊
စကားပြောကြရဖို့ အမြဲတမ်း ဖြစ်နိုင်တဲ့ အခါမျိုး မဟုတ်ဖူး ဆိုပါစို့။
ဒီလို တစ်ယောက်နဲ့ တစ်ယောက် မတွေ့တာ ကြာပြီး၊ စကား မပြောရတာကြာပြီး တွေ့ကြတဲ့ အခါ
၊ စကားပြောခွင့် ရတဲ့ အခါမှာ – “လွမ်းလွန်းလို့… တမ်းတလွန်းလို့…” ဆိုတဲ့ စကားတွေဟာ သာမာန် အများအတွက်တော့ နားဝင်ချိုစရာ ဖြစ်ပေမဲ့...............
မိမိ အနေနဲ့တော့ ဒီလို အပြောဟာဖြင့် အတ္တကို ဖော်ကျူးနေတဲ့ စကားလုံးများလို့ သံသယ ဖြစ်တတ်ပါတယ်။
“မင်းစိတ်ပျော်ရွှင်ဖို့ ဘာမဆိုဖြစ်ရမယ်” ဆိုတာမျိုး၊ “မင်းအတွက် ငါအရာရာကို စွန့်လွှတ်ရဲတယ်”
ဆိုတာမျိုးတွေဟာ ရည်းစား မဖြစ်ခင်၊ ရည်းစား ဖြစ်ဖို့ အချိန်မှာ ကြိုးပမ်းတဲ့ စကားလုံးများသာ ဖြစ်ပြီး၊ ရည်းစား ဖြစ်ပြီဆိုပါက –
“ငါ့အတွက် မင်း ဒါလုပ်ပေးရမယ်” ဆိုတဲ့ သဘောမျိုး ဖြစ်တဲ့- “ငါလွမ်းလွန်းလို့… ငါမနေနိုင်လို့… မင်းနဲ့တွေ့ချင်တယ်”
ဆိုတာမျိုး၊ “ငါ့ကို ချစ်ရင် ငါ့ဆန္ဒကို လိုက်လျှော ပေးပါဆိုတာမျိုး၊
“ငါ့ကို ချစ်ရင် ဒီအလုပ်ကို မလုပ်ပါနဲ့နော်”
ဆိုတာမျိုး တွေဟာ တဖက်လူရဲ့ ဆန္ဒ၊
တဖက်လူရဲ့ ပျော်ရွှင်မှု၊
တဖက်လူ အတွက် အနှောက်အယှက် ဖြစ်မဖြစ် တွေကို မကြည့်တော့ဘဲ၊
ငါ့အတွက် ငါ့အတ္တကိုသာ ရှေ့တန်းတင် လာတဲ့ သဘောမျိုး တွေ့ရပြီး၊ ရှေ့ဆက် လက်တွဲလို့ မရနိုင်တဲ့ အခြေအနေကို ဖန်တီးလာတော့တာ ဖြစ်ပါတယ်။
ချစ်သူတွေ အဖြစ် လက်တွဲမယ် ဆိုရင်ဖြင့်၊ ကိုယ့်ဖက်ကလည်း ကိုယ့်အတ္တကို ရှေ့တန်း မတင်ဘဲ သူ့ရဲ့ လွတ်လပ်မှု ပျော်ရွှင်မှုကို ဖန်တီး ပေးချင်သလို၊ ကိုယ့်ကိုလည်း ကိုယ့်လွတ်လပ်မှု၊ ကိုယ့်ပျော်ရွှင်မှု ဖြည့်ဆည်း ပေးသူ တစ်ယောက် အနေနဲ့ မျှော်လင့်မိပါတယ်။
သို့သော် လိုအပ်ချက်တွေ သိပ်များလာပြီး၊ အတ္တ သိပ်ကြီးလာတာကို မြင်တွေ့မိခဲ့ ရင်တော့ အစက အလွန်နှစ်သက် ကြိုက်မိပါတယ် ဆိုတဲ့ မိန်းကလေး တစ်ယောက်ကိုပင်၊ ထိုအချိန်မှာ အလွန် စိတ်ပျက်မိ ရပါတော့တယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment