RADIO

What is current song?

RSS

နေပြည်တော် - ရန်ကုန်အမြန်လမ်း မိုင်တိုင်အမှတ်(၁၀၅) မှ စိုးရိမ်ဖွယ်ရာ ဖြစ်စဉ်တစ်ခု ။

  ဒီစာကိုကျွန်တော်ရေးရတဲ့အကြောင်းကတော့ ကျွန်တော့်လိုအခြားသူတွေမဖြစ်စေလိုသောကြောင့်ပါ။
         ဖြစ်စဉ်ကတော့ အောက်တိုဘာလ (၉)ရက်၊ ၂၀၁၁ခုနှစ်ရဲ့ ပူပြင်းလှတဲ့ နေ့လည်ခင်း တစ်နာရီမှာ ကျွန်တော် နေပြည်တော်ကနေ ရန်ကုန်ကို အခုခေတ် ရန်ကုန်-နေပြည်တော် ကားလိုင်းမှာ ပေါ်ပျူလာဖြစ်ပြီးတော့ လူကြိုက် များနေတဲ့ ခေတ်မှီအထူးအမြန်ကားကြီးကိုစီးပြီး ရန်ကုန်ကိုပြန်လာခဲ့တယ်။
         ကားပေါ်မှာပါလာတဲ့ဝန်ထမ်း အမျိုး သမီးကတော့ဧည့်ဝတ်ကျေပါတယ်ဗျာ။ ဒါပေမယ့် မိုင်တိုင်အမှတ်(၁၀၅)လည်းရောက်ရော ပြဿနာက စတွေ့တော့တာပါပဲ။ မိုင်တိုင်အမှတ် (၁၀၅) ယာဉ်ရပ်နားစခန်းရောက်တဲ့အခါမှာ ၀န်ထမ်းအမျိုးသမီးက ကားပေါ် ပါလာတဲ့ ခရီးသည်တွေကို ကားအောက်ကိုဆင်းပြီးတော့ စားသောက်ဆိုင်မှာ အနားယူ၊စားသောက်နိုင်ပြီး နာရီဝက်(၃၀မိနစ်)အကြာမှာ ခရီးစဉ်ကို ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကြေငြာပေးပါတယ်။  ကားပေါ်ကမဆင်းခင် နာရီကိုကြည့်လိုက်တော့ ညနေ (၃း၀၀) နာရီ (၁၅း၀၀နာရီ) ထိုးပြီလေ။ အဲဒါနဲ့ကျွန်တော် အပါအ၀င် ခရီးသည်တွေ အားလုံးဟာ Feel ဆိုတဲ့စားသောက်ဆိုင်မှာ စားကြတာ ပေါ့ဗျာ။
         ကျွန်တော်လည်းစားပြီးလို့ နာရီကိုကြည့်လိုက်တော့ ညနေ ၃နာရီ ၁၅ မိနစ် (၁၅း၁၅ နာရီ) ဖြစ်နေတာကြောင့် ကားထွက်ဖို့ အချိန် (၁၅ မိနစ်) လိုနေသေးတာကြောင့် ခြေညောင်းလက်ဆန့် လုပ်ချင်တာနဲ့ ဆိုင်အပြင်ဖက်ကို ထွက်လာခဲ့တယ်။ အပြင်ဖက်လည်း ရောက်ရော ကားရပ်ထားတဲ့နေရာကို လှမ်းကြည့်လိုက်တော့ ကျွန်တော်စီးလာတဲ့ကားကို မတွေ့ရတော့ဘူးဗျာ။  နာရီကိုပြန်ကြည့် လိုက်တော့လည်း ကားထွက်ဖို့ သတ်မှတ်ချိန်က (၁၅ မိနစ်) တောင်လိုနေ သေးတာကြောင့် ကားရပ်နားစခန်းမှာတာဝန်ကျ လုံခြုံရေးကို မေးလိုက်တော့ အဲဒီကားက ဟိုဘက်ကိုတော့ မောင်းသွားတာတွေ့တယ်။ ပြန်လာမှာပါလို့ပြောတာနဲ့ ကျွန်တော်လည်း စားသောက်ဆိုင် ထဲကို ၀င်သွားပြီးတော့ ပြန်ထိုင်နေလိုက်တယ်။ အဲဒီမှာ ဆိုင်က စားပွဲထိုးကောင်လေးတွေက ကျွန်တော့်ရဲ့ အင်္ကျီကိုကြည့်ပြီးတော့ ယာဉ် လိုင်းက အမျိုးသမီးဝန်ထမ်းက  ခရီးသည်တွေအားလုံးရဲ့ အကျီင်္မှာ လိုက်ကပ်ပေးထားတဲ့ ယာဉ်လိုင်း တံဆိပ်ကိုကြည့်ပြီး အစ်ကိုက …….. ……. ကားက ခရီးသည်မဟုတ်လားလို့မေးတာနဲ့  ကျွန်တော်လည်း အေး ..ဟုတ်တယ်လို့ပြောလိုက်တယ်။ အဲဒီအခါမှာ ဘေးနားကရပ်နေတဲ့ စားပွဲထိုးကောင်လေးတွေက အစ်ကိုစီးလာတဲ့ကားက ထွက်သွားပြီလို့ပြောတယ်။  အဲဒီအချိန်မှာ ကျွန်တော်သိလိုက်တာက ကျွန်တော်စီးလာတဲ့ ကားဟာ သတ်မှတ်အချိန်မတိုင်မှီ စောထွက်သွားလို့ ကျွန်တော် ကျန်နေခဲ့ပြီဆိုတာနဲ့ ကျွန်တော့ရဲ့ အင်္ကျီတစ်စုံနဲ့ ကိတ်မုန့်တစ်ဗူးထည့်ထားတဲ့အထုပ်ဟာ ကားပေါ်ပါသွားပြီဆိုတာပဲလေ။
      အဲဒါနဲ့ ကျွန်တော်လည်း စားပွဲထိုးကောင်လေးတွေကိုမေးပြီးတော့ အဲဒီမှာရှိတဲ့ ဖြူးရဲစခန်းကို အကြောင်းကြားဖို့ သွားခဲ့တယ်။ရဲစခန်းကိုရောက်တော့ ဖြစ်စဉ်အတိအကျသတင်းပို့ပြီးတော့ အခုကျွန်တော်သတင်းပို့ခဲ့တဲ့ အချက်အလက် တွေကို အချိန်နဲ့တကွ မှတ်တမ်းတင်ထားပေးပါလို့တောင်းဆိုတော့ ကျွန်တော်သတင်းပို့တဲ့ အချက် အလက်တွေကို မှတ်တမ်းဖိုင်စာအုပ် ထဲမှာတောင်မမှတ်ပဲနဲ့ စာအုပ်ငယ်အဟောင်းလေးတစ်အုပ်ထဲမှာ ရေးမှတ် တယ်လေ။ အချိန်ကြည့်လိုက်တော့ (၃း၃၀)ရှိပြီ။ ရဲစခန်းထဲကနေ ထွက်လာပြီးတော့ စားသောက်ဆိုင်ထဲကို ပြန်ရောက် သွားခဲ့တယ်။
            စားသောက်ဆိုင်ရောက်တော့ နေပြည်တော်မှာရှိတဲ့ အဲဒီယာဉ်လိုင်းက တာဝန်ရှိတဲ့လူဆီကို ဖုန်းဆက် ပြီးတော့ အကြောင်း ကြားခဲ့တယ်။ ဒါပေမယ့် သူလည်း ရန်ကုန်ကိုဆက်သွယ်အကြောင်းကြား ပေးထားပါမယ် ဆိုတာကလွဲလို့ ဘာမှအဆင်ပြေအောင် မလုပ်ပေးနိုင်ပါဘူး။ ဒါကြောင့် သူတို့ယာဉ်လိုင်းက ရုံးချုပ်ဖုံးနံပါတ်ကို စုံစမ်းပြီးတော့ ဖုန်းဆက်တော့လည်း ဖုန်းပိတ်ထားပါတယ်တဲ့။ စားသောက်ဆိုင်က မန်နေဂျာအစ်မကြီးက ညနေ (၅း၃၀ နာရီ)မှာ ရန်ကုန်ကိုဆက်သွားမယ့် E-lite ကားကို အကူအညီ တောင်းပေးတာ ကြောင့် ည(၈း၃၀) နာရီကျော်ကျော်မှာ ရန်ကုန်အောင်မင်္ဂလာ ကားဝန်းထဲကို ချောချောမောမောနဲ့ပြန်ရောက်လာခဲ့တယ်။ ရောက်ရောက် ချင်းပဲ အဲဒီယာဉ်လိုင်းက တာဝန်ရှိတဲ့သူတွေကို သွားရောက် အကြောင်းကြားပြီးတော့မေးမြန်းတဲ့အခါမှာ ဘာအထုပ်မှ မတွေ့ပါဘူး ဆိုတာရယ် တောင်းပန်ပါတယ် ဆိုတဲ့စကားလုံးတွေကိုပဲတွင်တွင်ကျယ်ကျယ်နဲ့ ပြောကြားတာပဲခံခဲ့ရတယ်။
တာဝန်မရှိပေမယ့် တာဝန် ကျေခဲ့တဲ့ Feel စားသောက်ဆိုင်က မန်နေဂျာနဲ့ တကွ ဆိုင်ဝန်ထမ်းတွေရဲ့ ကူညီပေးမှုတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ တာဝန်ရှိပြီး တာဝန်မကျေတဲ့သူတွေကိုတော့ ကျွန်တော် တော်တော် လေးကို အံ့သြမိပါတယ်။
ကျွန်တော် အဓိကပြောချင်တာကတော့
(၁) ကျွန်တော့်လိုမျိုး အခြားခရီးသည်တွေရော ဘယ်လောက်များများ ခံစားခဲ့ကြရပြီလဲဆိုတာ
(၂) အကယ်လို့ ကျန်နေခဲ့တဲ့သူဟာ မလည်မ၀ယ်နဲ့ လူတစ် ယောက်ဆိုရင်ရော၊
(၃) ကျန်နေခဲ့တဲ့သူဟာ မိန်းမငယ်တစ်ယောက်သာ ဆိုရင်ရော၊
(၄)  ငွေကြေးအပို အလျှံမပါတဲ့သူ သာဆိုရင်ရော၊
(၅) ရန်ကုန်ကိုအခုမှ သွားဖူးတဲ့သူ တစ်ယောက်သာဆိုရင် ရန်ကုန်ရောက်ရင်တည်းဖို့ တစ်စုံတစ်ယောက်ရဲ့ အိမ်လိပ်စာဟာ ကားပေါ်မှာပါသွားခဲ့မယ် ဆိုရင်ရော၊
(၆) ကားပေါ်မှာပါတဲ့ခရီးသည်တွေထဲက မသမာသူ တစ်ယောက်ယောက်ကများ မသမာတဲ့ကိစ္စကိုလုပ်ဆောင်ခဲ့ မယ်ဆိုရင် အဲဒီကိစ္စဘယ်သူ့ ခေါင်းပေါ်ကိုရောက်မလဲ
(၇) အကယ်လို့ Feel စားသောက်ဆိုင်က မန်နေဂျာလိုမျိုး လူမှုရေးအသိစိတ်ဓာတ်မြင့်မားတဲ့ လူတစ်ယောက် ယောက်နဲ့ မတွေ့ခဲ့ပဲ စိတ်ဓာတ်ရေးရာအရ ညံ့ဖျင်းတဲ့လူတွေနဲ့တွေခဲ့မယ်သာဆိုရင်
(၈) အချိန်မှီ သွားရမယ့်ကိစ္စမျိုးရှိတဲ့လူသာဆိုရင်ရော ………………   စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို စဉ်းစားပြီးသာကြည့်ကြပါတော့။ အကယ်လို့ သည်လိုကိစ္စမျိုးကို ဥပဒေကြောင်းအရ အရေးယူပေးနိုင်မယ့် တရားဥပဒေသာ ရှိခဲ့မယ်ဆိုရင် ကျွန်တော့လိုမျိုးဖြစ်စဉ်တွေ လျှော့ကျသွားမယ်လို့ထင်ပါတယ်။ အခုတော့ ကျွန်တော့်မှာ ကားခ နှစ်ခါကုန်ရုံသာမက ကားပေါ်ပါသွားတဲ့အထုပ်လည်းဆုံး၊ အချိန်တွေလည်းအလဟဿဖြစ်နဲ့ မိအေးနှစ်ခါနာမဟုတ်ပဲ မိအေး ၃/၄ ခါနာသလိုဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော့်လိုကိစ္စမျိုး တစ်ခြားလူတွေ မကြုံတွေ့ရအောင်လို့ နိုင်ငံတော်က လိုအပ်သလို ဆောင်ရွက်ထားသင့်ပါကြောင်း ရင်နာနာနဲ့ပဲ ကျွန်တော့်လို မခံစားရအောင် အကြံပြုဖေါ်ပြပေးလိုက်ပါတော့တယ်။
(မှတ်ချက်။   ။ ယာဉ်လိုင်းရဲ့အမည်နဲ့ တာဝန်ရှိပြီးတာဝန်မကျေခဲ့တဲ့၊ တာဝန်မယူခဲ့တဲ့ သူတွေရဲ့ အမည် တွေကိုတော့ မဖေါ်ပြတော့ပါ။ကိုယ်ကြောင့်သူတပါးရဲ့ စီးပွားရေးကိုမထိခိုက်စေလိုတာရယ်၊ ယာဉ်ပေါ်ကတာဝန်ရှိတဲ့ ၀န်ထမ်းတွေကို အလုပ်မပြုတ်စေလိုတာတွေရယ်ကြောင့်ရယ် နောက်ပြီးတော့ ယာဉ်လိုင်းရဲ့ရုံးချုပ်က ဖုန်းဆက်ပြီးတော့တောင်းပန်ထားတာကြောင့်(ငွေကြေးကိစ္စလုံးဝမပါပါ) အမည်များကိုမဖေါ်ပြတော့တာပါ။
သတင်းဆောင်းပါးလေးတစ်ပုဒ်ပါ 
ဤသတင်းအချက်အလက်အား မည်သူမဆို မူရင်းစာသားမပျက် လွတ်လပ်စွာ ကူးယူဖေါ်ပြပိုင်ခွင့်ပေးပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment