
ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုအား မိန့်ခွန်းပြောကြားစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၂၁ရက်နေ့ ညနေက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မဲဆွယ်စည်းရုံးရေး လူထုဟောပြော ပွဲပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲသည် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် ခြောက်ခုတွင် အင်အားအများဆုံး ဟောပြောပွဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
“ အခု မဲဆန္ဒနယ်တွေထဲ မှာ ရန်ကုန်တိုင်းက ခြောက်နယ်ပေါ့။ အဲ့ဒီမှာ နောက်ဆုံး ကျွန်မလာခဲ့တဲ့ မဲဆန္ဒနယ်က ဒဂုံဆိပ်ကမ်းပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုသလို အင်အား အများဆုံး ဟောပြောပွဲလည်း ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က အကောင်းဆုံးအစိုးရ ဆိုသည်မှာ ပြည်သူက ရှိမှန်းတောင် မသိရတဲ့ အစိုးရမျိုးဖြစ်ကြောင်း နှင့် အဆိုးဆုံး အစိုးရ ဆိုသည်မှာ ပြည်သူက ရွံမုန်းသော အစိုးရဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူက ရှိမှန်းတောင် မသိရသော အစိုးရမျိုး ဖြစ်ရန်အတွက် ပြည်သူတွေကလည်း ကြိုးစား ပါဝင်ရမည်ဖြစ်ကြောင်း အစိုးရလုပ်သော သူများကို သေသေချာချာ ဝေဖန်သုံးသပ်ရမည်ဖြစ်ပြီး သုံးသပ်ရဲသော သတ္တိလည်း ရှိရမည် ဖြစ်ကြောင်း၊ အစိုးရဆိုသည်မှာ ပြည်သူတွေကို ဖိနှိပ်ထိန်းချုပ် ထားရမည် မဟုတ်ဘူးဆိုသည်ကို သေချာမှတ်ထားရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်သူတွေကို မဲဆွယ်ရသည် ဆိုကတည်းက ပြည်သူတွေသည် ပိုပြီးတော့ သြဇာရှိလို့ ဆိုသည်ကို သိစေချင်ကြောင်း များကိုလည်း ထည့်သွင်းပြောကြားခဲ့ ပါသည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် လစ်လပ်နေရာ ၄၈နေ ရာတွင် ၄၇ နေရာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိထားပြီး အဆိုပါဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်၌ ဒေါက်တာမျိုးအောင် က ၀င်ရောက်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်းသိရသည်။
eleven ဂျာနယ်မှ ကူးယူဖော်ပြလိုက်ပါတယ်နော်..
0 comments:
Post a Comment