RADIO

What is current song?

RSS

အောင်ဆန်းစုကြည်၏ စာကဗျာ

အောင်ဆန်းစုကြည်၏ စာကဗျာ

ဘ၀ဟူသည်
တိုတောင်းလှပေစွ
ကန်ရေပြင်၌တက်သော
ရေပွက်မျှသာ ဖြစ်တယ်။

ကွေးသောလက်များ
ဆန့်မသွားခင်
မတည်သော အသက်
ခန္ဓာဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား
အနိစ္စ သေဆုံးခြင်း၏ တရား။

တစ်နေ့ တစ်ချိန်
လေမှာလွင့်သော…ပွင့်ချပ်ငယ်နှယ်
ကျွန်မ သေဆုံးပါလိမ့်မယ်။
ကျွန်မ အသက် လူကြီးအရွယ်
သွားရမယ့်လမ်း ပြင်ဆင်ခဲ့ပါတယ်။


ကျွန်မကိုယ် ကျွန်မ
ဖေဖေ့လို
အာဇာနည်လို့ မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှုသူသာဖြစ်တယ်။

အကယ်၍ ကျွန်မ သေလွန်တဲ့အခါ
မငိုပါနဲ့ မပူဆွေးကြပါနဲ့
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ
မလုပ်ကြပါနဲ့။
ကျွန်မကိုချစ်သူ မချစ်သူ
မည်သူမဆို လာရှုနိုင်တယ်
ပုပ်ပွဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘ ကမ္မဌာန်း
အိုနာ သေခြင်း၏ မမြဲသောလမ်း။

ကျွန်မ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျွန်မ၏ အထွဋ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။
ကျွန်မ၏ မျက်ကြည်လွှာ …
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျွန်မ၏ နှလုံးသား … ကျောက်ကပ်
အသည်း ကလီစာများ
ကောင်းသေးပါက
လိုအပ်သူများအား လှူဒါန်းပေးပါ။

မသာတစ်ခေါက်
ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ
ကျွန်မ အသက်မဲ့ခန္ဓာကို
လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြီုလ်ပေးပါ။
ပုပ်ပွလာမယ့် ခန္ဓာအား
မီးသင်္ဂြီုလ်ပြီး …
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို့အတွက် မြေသြဇာကျွေးပေးပါ။

နောင်လာနောက်သားများအတွက်
ကျွန်မ၏နေအိမ် (သို့)
ကျွန်မ၏အကျဉ်းထောင်
အင်းစိန်ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျွန်မ၏ အသုံးအဆောင် … စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျွန်မ၏ မြန်မာအ၀တ်အစား
ရိုးသားသော
မြန်မာအမျိုးသမီး၏တန်ဖိုးများ
နောင်လာနောက်သားများ ရှုမြင်စေ။

ကျွန်မ၏ ကျန်ရစ်သော
ဘဏ်ငွေသားအနည်းငယ်။
ကျွန်မ၏ ဈာပနစရိတ်နှင့်
ဆင်းရဲသော သံဃာအိုများ
အတွက် ကျန်းမာရေး
ဇီဝိတဒါန ဆေးအလှူ
ကွယ်လွန်သူ မိဘများ အမှူးထား၍
ကျွန်မနှင့် ကွယ်လွန်သော
ခင်ပွန်းအတွက်
သားများမှ ရေစက်ချ … အမျှဝေစေချင်ပါတယ်။

ကျွန်မရသော ငြိမ်းချမ်းရေး
နိုဘယ်ဆုငွေသား
ဒေါ်လာ ၁.၃ မီလီယံအား
ကိုယ်ကျိုးအတွက် မသုံးစွဲ
တစ်ပြားမချန်
မြန်မာပြည်သူများအတွက်
ကျန်းမာရေးနဲ့ ပညာရေး ရန်ပုံငွေ
လှူဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ
ချမ်းသာကြပါစေ။
ကြား ကြားသမျှ အမျှ အမျှ အမျှ
ယူတော်မူ။

အမျိုးအတွက်ထားတဲ့
အမေ့ရဲ့စေတနာကို
နားလည် ပါရမီဖြည့်ပေးသူ သားများ
အမေ့ဘ၀မှာ မွေးရကျိုးနပ်ပါတယ်။
အမေ့ဘ၀အတွက် အကောင်းဆုံး
ဘုရားပေးသော ဆုလာဘ်
ဒီသားများသာ ဖြစ်ပါတယ်။

ဒီသားများအတွက် …
အမေ မွေးခဲ့သော ဇီဝိတ အသက်
အဖေပေးခဲ့သော ပညာ မှတပါး
အခြားပေးရန် စည်းစိမ်အမွေမရှိ။
စိတ်ဓါတ်နှင့် ကြံ့ခိုင်သော မျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး … ဆက်ကျန်နေပါစေ။

အတူနေ မမ ဒေါ်ခင်ဝင်းနှင့် သမီးများ
ကျွန်မအား
စောင့်ရှောက်ပေးသော ကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။

ဆေးဝါးကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိုးဝင်း
သမားစိတ်ရင်းကြောင့် ကျွန်မ
အသက်ရှည် …
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျွန်မ
ဦးချပြီး ဆပ်ပါရစေ။

ပြည်တွင်းပြည်ပ …
ကျွန်မကို ချစ်ခင်ကြသော
ကျွန်မကို အားပေးကြသော
မိတ်ဆွေသင်္ဂဟ
သိသူ မသိသူမှန်သမျှ
ကျွန်မပြုသောကုသိုလ် အဖို့ ဘာဂ
ဝေမျှပါတယ်။
ရွှင်လန်းကြပါစေ။

ကျွန်မ၏ တစ်ဦးတည်းသော
ချစ်ရသော အစ်ကိုကြီး
သွေးသားစပ်သူ ဦးအောင်ဆန်းဦး
အတွက် …
ကျွန်မအဖေ၏ ပန်းချီတစ်ချပ် …
သူမသေချင် … ခေါင်းရင်းမှာ
ချိတ်ဖို့ ပေးအပ်ခဲ့တယ်။

အနှစ် ၂၀
သက်တမ်းရ သက်တော်ရှည်
အဝေးရောက်ဝန်ကြီးချုပ်
ကျွန်မ၏ တစ်ဝမ်းကွဲမောင်
ဒေါက်တာစိန်ဝင်း…
ကျွန်မရဲ့ အနှစ် (၂၀)
အချုပ်ကာလအတွင်း
ကျွန်မရတဲ့ဆုတွေ လက်ခံတဲ့အခါ
စင်ပေါ်တက်
မျက်နှာပြဖော်ရပေးတာ
အထူးကျေးဇူးတင်ပါတယ်။

ဖေဖေ့မျက်နှာနဲ့
ကျွန်မအပေါ် … မရှိတဲ့
အပြစ်ကိုတင် … အကွက်ဆင်
အတင်းထောင်ချ … သပ်လျှိုပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှူးကြီးသန်းရွှေ မေတ္တာ စေတနာ
မှတ်ကျောက်စာ ထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏
ဂန္စ၀င်မိချောင်းမျက်ရည်။

ကျွန်မ မခေါ်ဘဲ
အလည်လာတဲ့ ဧည့်သည်
ကျွန်မ အသက်ဘေးအတွက် သူ
စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော
ဆီးချိုလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန်မှန် မမှန်မှန် …
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမျာ … စေတနာနဲ့
သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ကရုဏာ စေတနာ
ကျေးဇူးတင်ထိုက်ပါတယ်။

ကျွန်မ သွားတဲ့အခါ
တရား သံဝေဂရ …
မျက်ရည် မကျကြပါနဲ့။

မပြီးဆုံးသေးတဲ့ ကျွန်မရဲ့ ၀တ္တရား
ကျရာနေရာ ကူညီပါဝင်
ဖြည့်ဆည်းပေးကြပါ။
ကျွန်မအတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်း ကြိုးစားပေးပါ။
အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျွန်မ လက်ထပ်မှာ မရသေးခင်
ကျွန်မ သေလွန်ခဲ့ပါလျှင်
ကျွန်မ ကိုယ်စား
တာဝန်ဆက်ယူပေးနိုင်စေ
တစ်နေ့မှာ … ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့မြန်မာအမျိုး … သိက္ခာ မျိုးနွယ်ဆွေ။
အာဏာရှင်စနစ် ပြုတ်ကျပါစေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment