RADIO

What is current song?

RSS

တတ်ချင်ရင်ဖတ်ပါ

ဆိုလိုချင်တာက အင်္ဂလိပ်စာတတ်ချင်ရင် အင်္ဂလိပ်စာဖတ်၊ ပြင်သစ်စာတတ်ချင်ရင် ပြင်သစ်စာဖတ်ဖို့ပြောချင် တာ။ စာဖတ်တာဟာ ဘာသာစကားတစ်ခုခုကို ကျွမ်းဝင်ဖို့အတွက် အများကြီး အထောက်အကူပြုနိုင်တယ်။

စာဖတ်တယ်ဆိုတာ ဦးနှောက်ကို အများကြီး အလုပ်ပေးရတယ်။ စာရေးရင် တွေးရတယ်၊ ရေးရတယ်၊ ပိုပြီး အလုပ်ရှုပ်သွားတယ်။ စာဖတ်တယ်ဆိုတာလည်း မျက်လုံးကကြည့်၊ ဦးနှောက်နဲ့ အသိဖလှယ်နိုင်မှ နားလည်ခံ စားလို့ရတယ်။ အင်္ဂလိပ်စာတစ်လုံးမှ မတတ်သူက အင်္ဂလိပ်စာတွေကို ကြည့်သာကြည့်တယ် နားမလည်ရင် ဘယ်လိုမှ ခံစားနိုင်မှာ မဟုတ်ဘူး။

စာဖတ်ရင်
-       ခေါင်းထဲမှာ အရင်ဆုံး သူပြောတာဘာလဲဆိုပြီး မြင်ကြည့်ရတယ်
-       သူပြောတဲ့အကြောင်းအရာကို သိပြီဆိုရင် ခံစားကြည့်ရတယ်
-       စာရေးသူရဲ့ ရေးသားထားချက်ကို သဘောတူခြင်း မတူခြင်းတွေနဲ့ တုံ့ပြန်နိုင်ရတယ်

စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူး

ဘာသာစကားတစ်ခုကို လေ့လာရာမှာ Skill လေးမျိုးစလုံးအရေးကြီးတယ်။ Listening, Speaking, Writing, Reading တွေအားလုံး အရေးကြီးတယ်။ Reading က အများကြီးအထောက်အကူပေးနိုင်တယ်။ စာဖတ်ခြင်း ကြောင့် ရရှိလာနိုင်တဲ့ အကျိုးတရားတွေ အများကြီးရှိတယ်။

ဝေါဟာရတစ်ခုနဲ့ ဆက်စပ်တဲ့အကြောင်းအရာတွေကို လေ့လာမိတယ်

အင်္ဂလိပ်စာဖတ်ရင် စာလုံးအသစ်နဲ့ မလွဲမသွေ ကြုံရမယ်။ ဖတ်လိုက်တိုင်း အသစ်တွေချည်းဖြစ်နေရင်တော့ မဟုတ်သေးဘူး။ ဖတ်နေတဲ့ level က သိပ်မြင့်တာဖြစ်နိုင်လို့ level တစ်ခုကို ပြောင်းလိုက်သင့်တယ်။ ပိုပြီး နိမ့်တဲ့ level ကိုပြောင်းဖတ်ကြည့်မယ်။ စာတစ်မျက်နှာဖတ်လိုက်လို့ စာလုံးအသစ်အဆန်း ၅ လုံးလောက်တွေ့ တာ ပြဿနာမဟုတ်ဘူး။ ဒါဆိုရင် အဲဒီစာကို ဆက်ဖတ်သင့်တယ်။ အဲဒီ ၅ လုံးလောက်မသိတာကို dictionary လှန်စရာမလိုဘဲ ခန့်မှန်းပြီးဖတ်သွားလို့ရတယ်။ အဓိပ္ပာယ်မသိဘဲ ခန့်မှန်းဖတ်ကြည့်ရင်းကနေ နေရာပေါင်းများ စွာမှာ အဲဒီစာလုံးကိုတွေ့လာပြီး နားလည်သွားတတ်တာလည်းရှိတယ်။

အဖတ်နဲ့ဆက်စပ်တဲ့ အရေး

စာဖတ်ရင်းနဲ့ စာရေးဖို့ နမူနာအတွေးလေးတွေ ပေါ်လာတတ်တယ်။ ဒီလိုလေး ရေးလိုက်ရင်ကောင်းမှာပဲဆိုတဲ့ အတွေးမျိုးကိုပြောတာပါ။ မတွေးနေနဲ့ လက်တွေ့ ချရေးကြည့်လိုက်ပါလား။

အင်္ဂလိပ်အရေးအဖွဲ့ မှန်ကန်ဖို့ဆိုရင်

အင်္ဂလိပ်လိုရေးတော့မယ်ဆိုရင် သဒ္ဒါနည်းကျကျ မှန်ကန်ဖို့ အလေးထားကြတာများတယ်။ ပြောရင်တော့ သဒ္ဒါ နည်းကျဖို့ မလိုတော့ဘူး။ ဒါကြောင့် ဖတ်နိုင်အောင် ရေးထားတာ သဒ္ဒါနည်းကျပေမယ့် ပြောတယ်ဆိုတာက လိုရင်းတိုရှင်း နားလည်ရင်ပြီးရော ပြောလိုက်လို့ရတယ်။ ဒါကြောင့် စာဖတ်ရင်း သဒ္ဒါနည်းကျကျရေးထားတာ တွေကို လေ့လာသွားနိုင်တယ်။

ကိုယ့်နှုန်းနဲ့ကိုယ်

စာဖတ်ရင် မြန်မြန်လည်းဖတ်နိုင်တယ်၊ နှေးနှေးလည်းဖတ်နိုင်တယ်။ မိနစ် ၃၀ နဲ့ ၁၀ မျက်နှာလောက်ဖတ်နိုင် သလို၊ တစ်မျက်နှာထဲကို တစ်နာရီလောက်ဖတ်ရင်လည်းရတယ်။ အဲဒါကို စိတ်ထဲမှာမထားနဲ့။ ကိုယ့်ရွေးချယ်မှု အပေါ်မူတည်တယ်။ ကိုယ့်နှုန်းနဲ့ကိုယ်ယူပြီး ဖတ်နိုင်တယ်။

စိတ်ဝင်စားမှုကွာခြား

စာဖတ်တာ စိတ်ဝင်စားမှကောင်းတာ။ စိတ်ဝင်စားရင် ဖတ်ချင်မယ်၊ ပျော်စရာလည်းကောင်းတယ်။ ဥပမာ ဘောလုံးအကြောင်း စိတ်ဝင်စားသူက ဘောလုံးဆောင်းပါးဖတ်သင့်တယ်။ ဘောလုံးအကြောင်းလည်းသိ၊ ဘောလုံးနဲ့ပတ်သက်တဲ့ အင်္ဂလိပ်ဝေါဟာရတွေလည်း သိနိုင်တယ်။

စာဖတ်နည်း ၅ ချက်

၁။ ကိုယ်နဲ့ ကိုက်ညီတဲ့ level ကိုရွေးချယ်ဖတ်မယ်။ များများဖတ်သည်ဖြစ်စေ၊ နည်းနည်းဖတ်သည်ဖြစ်စေ နားလည်သဘောပေါက်ဖို့လိုတယ်။ စာလုံး သုံးလုံးလောက်ဖတ်လိုက် dictionary တစ်ကြိမ်ကြည့်လိုက်ဆိုရင် အာရုံနောက်တယ်။ စိတ်လည်းဝင်စားတော့မှာမဟုတ်ဘူး။ နားမလည်တာများရင် စိတ်ဓာတ်ကျတတ်တယ်။ ဒါကြောင့် နားလည်နိုင်တဲ့ level ကိုပဲရွေးချယ်ဖတ်သင့်တယ်။

၂။ ဝေါဟာရအသစ်အဆန်းတွေတွေ့ရင် ချရေးထားမယ်။ တစ်မျက်နှာထဲမှာ လေး၊ ငါးလုံးတွေ့နေရင် vocabulary book ဆိုပြီး သီးခြားထားမယ်။ အဲဒီအထဲမှာ ရေးမှတ်နိုင်အောင်ကြိုးစားမယ်။ ဖတ်နေတုန်း dictionary ထဲမှာ မရှာနဲ့။ အလုပ်ရှုပ်တယ်။ Highlight pen နဲ့မှတ်ခဲ့မယ်။ ကျော်ဖတ်ပြီးအဓိပ္ပာယ်နားလည် အောင် ကြိုးစားကြည့်မယ်။ စာအားလုံးဖတ်ပြီးမှ ကိုယ့်ယူဆချက် မှန် မမှန် dictionary မှာပြန်တိုက်ဆိုင်ကြည့် မယ်။ ပြီးတော့မှ မှတ်စုစာအုပ်ထဲ ချရေးမယ်။

၃။ စာကို ပုံမှန်ပဲဖတ်နိုင်အောင် ကြိုးစားမယ်။ ဥပမာ တစ်ရက်ကို တစ်ကြိမ်၊ တစ်ကြိမ်ကို အချိန်ဘယ်လောက် ဆိုပြီး သတ်မှတ်ထားသင့်တယ်။ သတ်မှတ်ထားတဲ့အတိုင်းလည်း လုပ်ဖြစ်အောင်လုပ်မယ်။ တစ်ပတ်ကို တစ်ရက်၊ တစ်ရက်ကို ၂ နာရီဖတ်မယ်ဆိုတာထက်၊ တစ်နေ့ကို တစ်ကြိမ်၊ တစ်ကြိမ်ကို ၁၅ မိနစ်ဆိုတာက ပိုကောင်းတယ်။ ပုံသေ သတ်မှတ်၊ သတ်မှတ်ထားတဲ့အတိုင်း အတိအကျလိုက်ဖတ်ဖို့ပဲလိုတယ်။ ဥပမာ အိပ်ယာမ၀င်မီ ၁၅ မိနစ်၊ အိပ်ယာထ ၁၅ မိနစ်၊ နေ့လည်စာစားပြီး ၁၅ မိနစ် ကြိုက်သလို သတ်မှတ်ထားနိုင် တယ်။

၎။ စာဖတ်ဖို့ အားလုံးပြင်ဆင်ပြီး အသင့်ဖြစ်မှဖတ်မယ်။ ဘာတွေလဲဆိုတော့
-       ဖတ်စရာတစ်ခုခု
-       Highlight pen (ခက်ခဲတဲ့စာလုံးတွေအတွက်)
-       Dictionary
-       Vocabulary book
-       စာလုံးသစ်တွေချရေးဖို့ ဘော့ပင်

၅။ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာကိုပဲဖတ်မယ်။ ကိုယ်ကြိုက်တဲ့ မဂ္ဂဇင်း၊ စာအုပ်တွေကိုပဲ ရွေးဖတ်မယ်

ဘာတွေဖတ်မလဲ

သတင်းစာတွေမှာ နိုင်ငံခြားထုတ် အင်္ဂလိပ်သတင်းစာတွေကို ဖတ်သင့်တယ်။ သတင်းဆိုတာ စိတ်ဝင်စားစရာ ကောင်းတယ်။ တကယ့်အဖြစ်အပျက်တွေကိုဖတ်နေရတာကြောင့် စိတ်ဝင်စားနိုင်တယ်။ သတင်းစာမှာလည်း intermediate နဲ့အထက် level လောက်ပဲရေးထားတတ်ကြတာများလို့ သိပ်နိမ့်ရင် ဖတ်လို့မဖြစ်နိုင်ဘူး။ ဖတ်သင့်တဲ့ သတင်းစာတွေကတော့ ဗြိတိန်ထုတ်သတင်းစာတွေဆိုရင် The Telegraph, The Times, The Independent, The Guardian, The Financial Times (Business), The Sunday Times သတင်းစာတွေကို ဖတ်သင့်တယ်။ အမေရိကန်ထုတ် သတင်းစာတွေဆိုရင် The International Herald Tribune, The New York Times, The Wall Street Journal (Business) တွေကိုဖတ်ရင် အဆင့်အတန်းရှိရှိ အင်္ဂလိပ်စာတွေကို လေ့လာနိုင်မယ်။

ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတိုင်းအတွက် အင်္ဂလိပ်လိုရေးထားတာတွေရှိတယ်။ မဂ္ဂဇင်းတွေဖတ်ရင် လည်း အကြောင်းအရာလိုက်ထုတ်ထားတဲ့ နိုင်ငံခြား မဂ္ဂဇင်းတွေကို ရွေးချယ်ဖတ်နိုင်တယ်။

စာအုပ်တွေကတော့ သမိုင်း၊ အတ္ထုပ္ပတ္တိ၊ ခရီးသွား၊ ချက်နည်းပြုတ်နည်းစတဲ့ (non-fiction) စာအုပ်တွေနဲ့ ၀တ္ထု၊ ပုံပြင်၊ ဇာတ်လမ်းစတဲ့ (fiction) နှစ်လိုင်းကွဲသွားတယ်။ စာအုပ်တွေမှာ တစ်အုပ်နဲ့တစ်အုပ် လွယ်တာနဲ့ ခက်တာ တူညီမှာမဟုတ်ဘူး။ Agatha Christie က Stephen King ထက်စာရေးတာပိုလွယ်လို့ ဖတ်ရတာ လည်း သိပ်ခက်မယ်မထင်ဘူး။ သူတို့နိုင်ငံတွေက အင်္ဂလိပ်စာအုပ်ဆိုင်ကြီးတွေမှာတော့ သူ့ level အလိုက် ခွဲထားတတ်တယ်။ ဒီမှာလည်း မှာနိုင်ရင်ရတယ်၊ ရှာနိုင်ရင်ရတယ်။ ဥပမာ British Council ကဖွင့်ထားတဲ့ စာကြည့်တိုက်တွေက နိုင်ငံတိုင်းလိုလိုမှာရှိတာကြောင့် အဲဒီစာကြည့်တိုက်တွေမှာ အသင်းဝင်ပြီးဖတ်ရင်လည်း ရနိုင်တယ်။

အင်္ဂလိပ်ပုံပြင်စာအုပ်တွေ၊ ၀တ္ထုတိုတွေကို စတင်ဖတ်သူတွေအနေနဲ့ ရွေးချယ်သင့်တယ်။ ဘာကြောင့်လဲဆို တော့ တိုတိုလေးတွေဖြစ်နေလို့ တစ်ပုဒ်ဖတ်ပြီးတိုင်း စိတ်ဓာတ်တက်ကြွစေနိုင်တယ်။ စာတစ်အုပ်လုံးဆိုရင် လည်း အချိန်တို အတွင်းပြီးနိုင်တယ်။ ဒါပေမယ့် word level ကိုတော့ 5,000 အောက်လောက်ကစဖတ်ပြီး နောက်မှ 10,000 လောက်အထိ အဆင့်ဆင့်တိုးသွားသင့်တယ်။ သူ့အဆင့်လိုက် တစ်အုပ်ဖတ်ပြီးတိုင်း စိတ်ဓာတ်အားတွေ တိုးသွားလိမ့်မယ်။ ၀တ္ထုတိုတွေကို မဂ္ဂဇင်းတွေထဲမှာလည်း တွေ့နိုင်တယ်။ အင်တာနက်ထဲ မှာလည်း ရှာဖတ်နိုင်တယ်။

Readers ဆိုတဲ့ အဆင့်လိုက် အထူးထုတ်ထားတဲ့ အလွယ်ကူဆုံး အင်္ဂလိပ်စာအုပ်တွေလည်း ရှိသေးတယ်။ အကြောင်းအရာတွေကို လိုရင်း၊ တိုရှင်း၊ လွယ်ကူတဲ့ vocabulary တွေနဲ့ရေးဖွဲ့ပေးထားတယ်။ Level အမျိုးမျိုး ထုတ်တာကြောင့် ကိုယ်နဲ့ ကိုက်ညီတဲ့ level ကိုရွေးဖတ်နိုင်တယ်။ နာမည်ကျော်စာရေးဆရာကြီးတွေရဲ့ နာမည် ကြီးစာအုပ်တွေကို အလွယ်ဆုံးပြန်ရေးထားတာတွေလည်းရှိတယ်။ စာဖတ်လေ့ကျင့်ဖို့ အကောင်းဆုံး စာအုပ် တွေအနေနဲ့ ညွှန်းချင်ပါတယ်။
Note: I got this post from Myanmar Network.

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment