မှုရင်း ..... ထိုင်ဝမ် စာရေးဆရာ “လီဂျာထုံ” (Chia Tung L**)
ကျောင်းအုပ်ဆရာတစ်ဦး
ဖြစ်ရသည်မှာ တစ်ခုတော့ ကောင်းသည်။ အခြားကျောင်းများသို့ သွားရောက်
မေးမြန်း လည်ပတ်နိုင်ပြီး သွားရောက်တိုင်း အထူးဧည့်သည်အဖြင့်
လက်ခံကြိုဆိုသောကြောင့် ဖြစ်သည်။ ကျွန်တော် အနှစ်သက်ဆုံးက အင်္ဂလန်နိုင်ငံရှိ
တက္ကသိုလ် တစ်ခုသို့ သွားရောက်ရခြင်းဖြစ်သည်။ ထိုကျောင်းအုပ်မှာ
ကျွမ်းကျင်သည့် စက်မူပညာရှင် တစ်ဦးဖြစ်သော်လည်း စကားပြောရာတွင် လိမ္မာ
ပါးနပ်ပြီး ယဉ်ကျေးသိမ်မွေ့သည်။ နေထိုင်မူ အဆင့်အတန်းမှာလည်း
အထက်တန်းကျသည်။
ထိုတက္ကသိုလ်ရှိ
ဧည့်ထမင်းစားဆောင်၏ ပြတင်းပေါက်များသည် မှန်ဖြင့် ပြုလုပ်ထားပြီး
ပြတင်းပေါက် အပြင်ဖက်တွင် ကြီးမားသော မြက်ခင်းတစ်ခုရှိသည်။ မြက်များကို
ညီညာအောင် အမြဲညှပ် ထားပြီး မြက်ခင်း အလယ်ရှိ ပန်းသီးပင်တစ်ပင်ကြောင့်
ထိုရှုခင်းမှာ ပိုလှပနေသည်။ ကျွန်တော် ထိုကျောင်းသို့ အလည်အပတ်ရောက်ခဲ့သော
နွေဦးရာသီတစ်ခုတွင် ပန်းသီးပင်မှ အပွင့်များ ဖူးပွင့်ဝေဆာနေသည့်
အချိန်ဖြစ်သည်။ ကျောင်းအုပ်က ကျွန်တော့်အား ထိုပြတင်းပေါက်နှင့် ကပ်ရက်
စားပွဲတွင် ဧည့်ခံခဲ့သည်။ စားကောင်း သောက်ဖွယ်များကို သုံးဆောင်ရင်း လှပသော
ရှူခင်းများကို ခံစားရသည့် အရသာကို ကျွန်တော့်အား အားရကျေနပ်စေခဲ့သည်။
ဒီနှစ်လည်း
ထိုကျောင်းသို့ ကျွန်တော်ရောက်ခဲ့ပြန်သည်။ ပြတင်းပေါက် အပြင်ဖက်က
ရှုခင်းသည် ယခင်နှစ်တွေအတိုင်း ညီညာသော မြက်ခင်းစိမ်းနှင့် ပန်းသီးပင်မှ
ပန်းများဖြင့် လှပဝေဆာ နေသည်။ သို့သော် ပြတင်းပေါက်ဘေးတွင် ယခင်ကရှိခဲ့သော
ထမင်းစား စားပွဲခုံကို မတွေ့ရတော့။ အခန်း၏ အတွင်းဆုံး စားပွဲခုံတွင်
ကျွန်တော်တို့ စားသောက်ခဲ့ရသည်။ ကျောင်းအုပ်စားသော အစားအစာမှာလည်း
သာမန်မျှသာဖြစ်သည်။ ကျန်သူများလည်း ထိုနည်း၎င်း ပေါင်မုန့်နှင့်
စွပ်ပြုပ်ရည် တစ်ခွက်သာဖြစ်သည်။ အင်္ဂလိပ်လူမျိုး၏ အစားအစာဖြစ်သော
အမဲသားခြောက်အား ကျွန်တော်လုံးဝ မကြိုက်ခဲ့။ ယခုကဲ့သို့ သာမန်အစာများကို
ကျွန်တော် ပိုကြိုက်ခဲ့သည်။ သို့သော် ပြတင်းပေါက် ဘေးက
စားပွဲခုံရော...?ဘာကြောင့် အစားအစာတွေ ဒီလောက် သာမန်နေသလဲ?သိလိုစိတ်ကြောင့်
ကျွန်တော့် မတင်မကျဖြစ်နေခဲ့သည်။ ကျွန်တော်သိချင်နေသော အကြောင်းအရာကို
ကျောင်းအုပ်က သိပုံရသည်။ ဘာကြောင့်ဆိုသည်ကို သူပြောပြခဲ့သည်။
+++++++++++++++++++++++
တစ်ခါက
ကျောင်းအုပ်ကြီးသည် အိန္ဒိယနိုင်ငံရှိ Kolkata တွင် အစည်းအဝေးတစ်ခုအတွက်
သွားရောက်ခဲ့ရသည်။ လမ်းထွက်လျှောက်တုန်း စားသောက်ဆိုင် တစ်ဆိုင်ကို
တွေ့ခဲ့သည်။ ဆိုင်ထဲတွင် မှန်များဖြင့် ပြုလုပ်ထားသော
ပြတင်းပေါက်ရှည်ကြီးများ ရှိသည်။ ပြတင်းပေါက်ဘေးတွင်
အခြားစားပွဲခုံများလည်း ရှိပြီး ခုံတိုင်းအား ဖြူဖွေးသော
စားပွဲခင်းများဖြင့် ဖုံးအုပ်ထားပြီး ခုံပေါ်တွင် လှပသော ငွေထည်၊
ဘော်ထည်များဖြင့် ခင်းကျင်းထားသည်။ ကျောင်းအုပ်မှာ တုန့်နှေး မနေတော့ဘဲ
ဆိုင်ထဲသို့ ၀င်ရောက်ပြီး ပြတင်းပေါက်ဘေးရှိ ခုံတစ်ခုံတွင် နေရာယူလိုက်သည်။
ဆိုင်မှာ အပြင် အဆင် သပ်ရပ်သည့်အပြင် အစားအသောက်လည်း မဆိုးလှပေ။
ကျောင်းအုပ်မှာ အားရကျေနပ်ခဲ့သည်။ သူမှာခဲ့သော အစားအစာမှာ
ဆိတ်ပေါင်ခြောက်ဖြစ်ပြီး ယခုထက်တိုင် ထိုဟင်းကို သူအမှတ်ရ နေသေးသည်။
ထိုအရသာရှိသော
ဆိတ်ပေါက်ခြောက်အား မြီးစမ်းကြည့်ရန် ခံတွင်းကို ဟလိုက်စဉ် ရုတ်တရက်
ပြတင်းပေါက် အပြင်ဖက်တွင် မမှိတ်မသုန် စိုက်ကြည့်နေသော သူတောင်းစားငယ်
တစ်ဦးအား သူတွေ့လိုက်သည်။ ထိုကောင်လေးမှာ အပေါ်ပိုင်းတွင် ဗလာကျင်းနှင့်
ဆိတ်ပေါင်ခြောက်အား စူးစိုက် ကြည့်နေခဲ့သည်။ ဆိတ်ပေါင်ခြောက်အား သေချာစွာ
မြင်နိုင်ရန် မှန်ပြတင်းအား လက်ဖါးဝါး နှစ်ဖက်ဖြင့် ထောက်ထားပြီး မျက်နှာ
တစ်ခုလုံးကို မှန်နှင့် ကပ်ထားသည်။
အရသာခံပြီး
မြီးစမ်းကြည့်ရန် ရည်ရွယ်ထားသော ကျောင်းအုပ်ကြီး၏ စိတ်များ ကြက်ပျောက်
ဌက်ပျောက် ပျောက်ခဲ့ရသည်။ ခံတွင်းထဲသို့ ထည့်ရန် ပြင်ထားသော ဆိတ်သားနှင့်
ဇွန်းခက်ရင်း များကို သူ ချလိုက်သည်။ ကောင်လေးမှာ ထိုနေရာတွင်
ရပ်နေဆဲ...... မျက်စိအာရုံက အရသာရှိသော အစားအစာပေါ်တွင်
စူးစိုက်ကြည့်နေဆဲ........
အိန္ဒိရှိ
စားသောက်ဆိုင် တော်တော်များများက လုံခြုံရေးထားတတ်ကြသည်။ ထိုခဏ၌ တာဝန်ရှိ
လုံခြုံရေးတဦး လျောက်လာသည်ကို တွေ့သော် သူတောင်းစားငယ်မှာ ထွက်ပြေးသွားခဲ့
သည်။ ကျောင်းအုပ်လဲ ဆိုင်မှထွက်ပြီး ကောင်လေးနောက် လိုက်ခဲ့သေးသည်။
သို့သော် အရိပ်အရောင်မျှပင် မတွေ့တော့။ ဆိုင်ထဲသို့ သူပြန်ဝင်လာပြီး
အစာများကို မစားတော့ဘဲ ကျသင့် ငွေကို ရှင်းပေးပြီး ဆိုင်မှ သူထွက်လာခဲ့သည်။
ထိုအဖြစ်အပျက်နောက်ပိုင်း
ပြတင်းပေါက်ဘေးတွင် အစာထိုင်စားတိုင်း ထိုသူတောင်းစား ငယ်လေးအား သူ
မြင်ယောင်လာမိသည်။ ထိုမျှသာမက အစားကောင်းစားတိုင်း ဆာလောင် ငတ်မွတ်နေသော
သူတောင်းစားလေးများ သူ့အား ကြည့်နေသည်ဟု ခံစားမိသည်။ နောင်တွင်
ထိုပြတင်းပေါက်ဘေးက စားပွဲခုံအား သူလုံးဝ အသုံးမပြုတော့။ နောက်ဆုံးတွင်
တာဝန်ရှိလူများက ထိုစားပွဲခုံအား နေရာရွေ့ခဲ့ကြသည်။ ဆာလောင်ငတ်မွတ်နေသော
ကလေးငယ်များ သူ့အား ကြည့်နေသည့် ခံစားချက်မျိုး မခံစားချင်သောကြောင့်
ကျောင်းအုပ်သည် အစားကောင်း အသောက်ကောင်း များကို မစားသုံးတော့။
ထိုကျောင်းရှိ ဆရာများကလဲ ကျောင်းအုပ်ကြီးကြောင့်ဖြစ်မည် လူတိုင်း
အစာကောင်းများအစား သာမန်အစာ များကိုသာ စားသုံးတော့သည်။
+++++++++++++++++++++++
အပြန်ခရီးတွင်ဖြစ်သည်။
လေယာဉ်ပေါ်ရှိ အစားအစာများမှာ အထူးစီမံထားသော အစားအစာ များသာဖြစ်ကြောင်း
ကျွန်တော် သတိပြုမိသည်။ သိလိုစိတ်ဖြင့် ရုတ်တရက် လေယာဉ်မယ်အား
သာမန်အစားအစာများ မရနိုင်ဘူးလားဟု ကျွန်တော်မေးလိုက်သည်။ လေယာဉ်မယ်က
ရနိုင်ကြောင်း ပြောပြီး ကျွန်တော့်အား ပေါင်မုန့်၊ စွပ်ပြုပ်ရည်နှင့်
ဆလပ်ရွက်သုပ်များ ပေးခဲ့သည်။
လေယာဉ်မယ်က
ကျွန်တော့်အား အခုတစ်လော လူတော်တော်များများက သာမန်အစာများသာ
စားလိုသောကြောင့် လေကြောင်းကုမ္ပဏီက ဤသို့သော အစာများကို ပြုလုပ်ခဲ့ကြောင်း၊
ဘာကြောင့် လူအများက သာမန်အစာများကိုသာ စားလိုရသလဲဟု ကျွန်တော့်အား
မေးခဲ့သည်။ သူ့အမေးအား ကျွန်တော် ပြန်မဖြေဖြစ်ခဲ့။ ပြတင်းပေါက် အပြင်ဖက်ရှိ
ကလေးငယ်များ ကျွန်တော်တို့ စားသောက်နေသည်ကို ကြည့်နေသည်ဟု
ကျွန်တော်ပြန်ဖြေခဲ့လျှင် သူ နားလည်လိမ့်မည် မထင်ပေ။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
ဗဟုသုတရစရာလေးပါ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment