RADIO

What is current song?

RSS

ထူးထူးဆန်းဆန်း လူဖြစ်ကျိုးနပ်ဖို့နည်းလမ်း

ဒီနေ့...
ဖတ်လိုက်ရတဲ့ စာတစ်အုပ်မှာ ထူးထူးဆန်းဆန်း လူဖြစ်ကျိုးနပ်ဖို့ နည်းလမ်းလေး ဖတ်မိခဲ့ပါတယ်..။
ထူးဆန်းတာမှ ခုခေတ်စားနေတဲ့ လုပ်ရပ်ကလေးတွေကို အတွေးလေးကွန့်ပြီးတော့ ပြောထားတာဗျ..
ပြောတဲ့သူက အမေကြည်တဲ့...
လူဖြစ်ကျိုးနပ်ချင်ရင်
(၁) ခိုးတတ်ရတယ်
(၂) လုတတ်ရတယ်
(၃) သတ်တတ်ရတယ်...တယ်လေ
ကဲစဉ်းစားကြည့်ပေါ့ လူဖြစ်ကျိုးနပ်ချင်ရင် အဲဒါတွေလုပ်ရမယ်ဆိုတော့ ခက်မနေပေဘူးလား...။
အရှိအတိုင်းသာ တွေးမိရင်တော့....
ကဲပါလေ...အမေကြည်ပြောတာလေး ကြည့်ကြပါစို့
 ခိုးတယ်ဆိုတာ သူတစ်ပါးပစ္စည်းကို ခိုးခိုင်းတာမဟုတ်ဘူးတဲ့၊
မနက်အိပ်ရာထ၊ ညအိပ်ရာဝင် ဘုရားရှိခိုးရမယ်လို့ပြောတာ၊ ရတနာသုံးပါးကို မမေ့နဲ့ မိဘဆရာသမားမမေ့နဲ့ အမြဲတမ်းရှိခိုးပြီးမှ အိပ်ရမယ်၊
ကျေးဇူးကြီးသူတွေကို ရိုသေကိုင်းရှိုင်း ရှိခိုးသူတိုင်း ကြီးပွာချမ်းသာကြတယ်၊ ခင်ပွန်းကြီး (၁၀)ပါးကို မမေ့သူတိုင်း လူဖြစ်ကျိုးနပ်တယ်...လို့ ပြောပြပါတယ်။
အော်..ဒီမှာ သေချာမှတ်နော် ခိုးခိုင်းတာဆိုလို သူများဟာတွေကို သိသိနဲ့တမျိုး မသိဘဲတစ်ဖုံ ခိုးဝှက်နေဖို့ ပြောတာမဟုတ်ဘူးနော်..
ကျေးဇူးရှင်တွေကို ရှိခိုးဖို့ပြောတာတဲ့နော်...။
လုတယ်ဆိုတာ သူတစ်ပါးပစ္စည်းဥစ္စာကို အနိုင်ထက်စီး လုရမယ် ယက်ရမယ်လို့ ပြောတာမဟုတ်ပါဘူး၊ ၀ိပဿနာတရားကို အချိန်လုပြီး အားထုတ်ရမယ်လို့ ပြောတာ။ ငါမအားလို့ အလုပ်ရှုပ်နေလို့ဆိုပြီး ၀ိပဿနာ ကမ္မဋ္ဌာန်းတရားကို အားမထုတ်ဘဲ မနေရဘူး၊ အချိန်လုပြီး အနက်အိပ်ရာထ(၁)ကြိမ်၊ ညအိပ်ရာဝင်(၁)ကြိမ်၊ နာရီဝက်လောက်တော့ အနည်းဆုံး လုပ်ရမယ် အဲဒီလို အာနာပါန(စတဲ့) ကမ္မဋ္ဌာန်းတရားကို အားထုတ်သူတိုင်း စိတ်ချမ်းသာကြတယ်၊ ၀ိပဿနာတရားဆိုတာ ကိုယ့်ရဲ့စိတ်ကို(ကိုယ်ဖြစ်ပျက်နေတဲ့အရာတွေကို) ပြန်ကြည့်တဲ့ လေ့ကျင့်ခန်းပဲကွဲ့...တဲ့။
ကဲ လုဆိုတာ အချိန်လုပြီး စိတ်ချမ်းသာရေး လေ့ကျင့်ခန်းလုပ်ခိုင်းတာနော်...
သတ်ဆိုတာ သူများအသက်သတ်ခိုင်းတာမဟုတ်ဘူး၊ ကိုရင်ထဲမှာ ဖြစ်နေတဲ့ လောဘစိတ်ကို သတ်ရမယ်၊ ဒေါသစိတ်ကို သတ်ရမယ်၊ အတ္တ မာနစိတ်တွေကို သတ်ပစ်ရမယ်။ ကိုယ့်ထက်သာ မနာလို့တဲ့စိတ်တွေ ဣဿာ မစ္ဆရိယစိတ်တွေကို ပယ်သတ်ပစ်ရမယ်၊ ဒါမှ စိတ်ချမ်းသာမှာနော်၊ သိမ်းပိုက်လိုတဲ့ လောဘစိတ်နဲ့ ရှင်သန်နေထိုင်ခြင်းဟာ လူဖြစ်ကျိုးမနပ်ဘူး၊ အဲဒီစိတ်တွေဟာ ကိုယ့်ကိုယ်ကို မီးရှို့နေတဲ့စိတ်တွေဘဲ...တဲ့။
နောက် အမေကြည်ဆက်ပြောတာရှိသေးတယ်
ဒီမယ်သားရေ မင်းလဲ လူဖြစ်ကျိုးနပ်ပြီလား စဉ်းစားဦး၊ ခိုးသင့်တာကို ခိုးရမယ်၊ မခိုးသင့်တာ မခိုးနဲ့၊ လုသင့်တာကို လုရမယ်၊ မလုသင့်တာ မလုနဲ့။ သတ်သင့်တဲ့ကိစ္စကိုလဲ သတ်ပေါ့ကွယ်၊ ဒါမှ စိတ်ချမ်းသာမှာကွဲ့....တဲ့
အမေကြည်ရဲ့ ဆန်းသစ်တဲ့အတွေးတွေကို ဖတ်ကြည့်ရင်း အမေကြည်ကို ကြည်ညိုလေးစားမိတယ် ရေးသားတင်ပြပေးတဲ့ စာရေးဆရာ ဦးဘုန်း(ဓာတု)ကိုလဲ ကျေးဇူးတင်နေမိတယ်။
 အားလုံး လူဖြစ်ကျိုးနပ်ကြပါစေဗျာ....။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆရာလေးတစ်ပါးရဲ့ ရင်နင့်ဖွယ်(ဖြစ်ရက်မှန်)နော်

ဆရာလေးတစ်ပါးရဲ့ ရင်နင့်ဖွယ်

(၁) “အရှင်ဘုရား .. အရှင်ဘုရားတို့ ကူညီထားတဲ့ သီလရှင်ကို စက်ချုပ်သင်တန်းက လက်မခံတော့ဘူးတဲ့ ဘုရား”
အထက်ပါ စကားကို အမောတကော လျှောက်ထားသူကတော့ သံဃာတော်တွေနဲ့ သီလရှင်တွေကို ထောင်ဝင်စာ တွေ့နေသူ ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှုပါ။
ဘာများဖြစ်လို့ပါလိမ့်လို့ ဆက်မေးကြည့်တော့
“မှန်ပါ့ စက်ချုပ်သင်တန်းကို တပည့်တော်ကိုယ်တိုင် လိုက်အပ်ပေးတာလေ၊ အဲဒါ ဒီနေ့ တပည့်တော်ပုံကို ဂြိုဟ်တုစလောင်းကနေ တွေ့လို့တဲ့၊ တပည့်တော် အပ်တာဆို လက်မခံရဲတော့ဘူး ဆိုပြီး ပိုင်ရှင်က နှင်ထုတ်လိုက်တာပါဘုရား” ဟု ပြန်လျှောက်၏။
အော် ဖြစ်မှဖြစ်ရပလေဟုသာ ညဉ်းမိပါတော့တယ်။
(၂) အပြည့်အစုံ နားလည်အောင် ပြန်ပြောရရင်တော့ အဖြစ်က ဒီလိုပါ၊
၂၀၀၇ စက်တင်ဘာ အရေးအခင်း ဖြစ်တော့ အနယ်နယ် အရပ်ရပ်က ဘုန်းကြီးကျောင်းတွေကို စစ်တပ်က ၀ိုင်းဖမ်းလို့ ရဟန်း သံဃာတော်တွေ၊ သီလရှင်တွေ အမြောက်အမြား အဖမ်းခံခဲ့ရပါတယ်။ အဲဒီ အဖမ်းခံရတဲ့အထဲက မြောက်ဥက္ကလာပမြို့နယ် သစ္စာသရဖူကျောင်းလည်း တကျောင်း အပါအ၀င်ပါ။ ကျောင်းထိုင် ဆရာတော် အပါအ၀င် သံဃာ (၇) ပါးနဲ့ သီလရှင်(၇) ပါး အဖမ်းခံခဲ့ရတယ်။ အချို့ ဆရာတော်ကြီးတွေနဲ့ သီလရှင်ကြီးတွေက သက်တော် ၇၀ ကျော် ၈၀ နီးပါး အရွယ်တွေပါ။ ဆရာတော်ကြီးတစ်ပါးနဲ့ သီလရှင်ကြီး နှစ်ပါးက လေဖြတ်ခံထားရသူတွေ။ အဲဒီတုန်းက အဖမ်းခံခဲ့ရပုံကို ဆရာလေး ၀ိစိတ္တက ဒီလို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
“ညအချိန်မတော်ကြီးဘုရား စစ်တပ်က ၀ိုင်းပြီး ဖမ်းတာ ဘုရား၊ တပည့်တော်တို့ ကျောင်းက ဆရာတော်ကြီး အပါအ၀င် သံဃာ (၇) ပါးနဲ့ သီလရှင် (၇) ပါး အဖမ်းခံခဲ့ရပါတယ် ဘုရား၊ တပည့်တော်တို့ကို အကြိမ်ကြိမ် ရုံးထုတ် စစ်ဆေးပြီး ပုဒ်မ (၂၉၅) (က)၊ ပုဒ်မ (၂၉၂) တို့နဲ့ ထောင်ဒဏ် (၄) နှစ်နဲ့ (၃) လ အသီးသီး ချမှတ်ခံခဲ့ရပါတယ် ဘုရား” ဟု ဝမ်းနည်း ကြေကွဲစွာ တုန်တုန်ရင်ရင်ဖြင့် လျှောက်ထားပါတယ်။
“ထောင်တွင်း အတွေ့အကြုံနဲ့ ပတ်သက်ပြီးတော့လဲ အစားအသောက် ကိစ္စတွေ၊ ကျန်းမာရေး ကိစ္စတွေကတော့ အများသိပြီး ဖြစ်လို့ ထပ်မလျှောက်ချင်တော့ပါ ဘုရား”
“တပည့်တော် စိတ်မကောင်း အဖြစ်ရဆုံးကတော့ တပည့်တော် အမေအိုကြီး ထောင်တွင်းမှာ အရိုက်ခံရတာကို မျက်စေ့ထဲက မထွက်ဘူး ဘုရား” ပြောရင်း ငိုချင်းချပါလေတော့တယ်။
တမိနစ်ခန့် ကြာမှ အသံကို ထိန်းပြီး
“တပည့်တော် အမေအို သီလရှင်ကြီးက အသက် (၆၀) ကျော် (၇၀) နီးပါး ဖြစ်နေပြီ ဘုရား၊ နဂိုထဲက စိတ်က သိပ်မမှန်တော့ဘူး ဘုရား၊ အသက်ကလဲကြီး အနေအထိုင် အစားအသောက်ကလဲ ဆင်းရဲတော့ စကားများတာပေါ့ ဘုရား၊ အဲဒါကို ထောင်ဝန်ထမ်းတွေက ဆူတယ် ညံတယ် အေးအေးမနေဘူး ဆိုပြီး အမေအိုကြီးကို လက်သီးနဲ့ ထိုးတာ သွားနှစ်ချောင်း ကျိုးသွားတယ် ဘုရား၊ နောက် ဘယ်နေရာတွေ ဘာဖြစ်ကုန်လဲ မသိဘူး ဘုရား၊ တော်တော်နဲ့ သတိမရဘူး၊ အတော်လေး ခံလိုက်ရတယ်၊ ကိုယ့်အမေအိုကြီးကို ကိုယ့်ရှေ့မှာ ထောင်ဝန်ထမ်းက လက်သီးနဲ့ ထိုး၊ ခြေထောက်နဲ့ ကန် လုပ်နေတာကို တပည့်တော် ဘာမှ မပြောနိုင်၊ မကယ်နိုင်နဲ့ ဘယ်လောက် ခံစားရမယ်ဆိုတာ အရှင်ဘုရား စဉ်းစားကြည့်ပါဘုရား” ဟု ဝမ်းနည်း ကြေကွဲစွာ ပြန်ပြောပြရှာပါတယ်။
အတော်လေး ကိုယ်ချင်းစာတရား ခေါင်းပါးတဲ့ ထောင်ဝန်ထမ်းပါတကား ဟု သက်ပြင်း အခါခါ ချမိပါတယ်။
အဖမ်းခံခဲ့ရတာနဲ့ ပတ်သက်ပြီးတော့လည်း
“တပည့်တော် တကယ် ခံစားရတယ် ဘုရား၊ ဖြစ်ပျက်သွားတာတွေကို အစကနေ အဆုံးအထိ မမေ့ဘူး ဘုရား၊ တပည့်တော်ရဲ့ ဘ၀မှာ ဒါမျိုး ဖြစ်လိမ့်မယ်လို့လဲ တခါမှ ထင်မထားဘူး ဘုရား၊ တပည့်တော်တို့ကို အပြစ်မရှိဘဲ အပြစ်ရှာပြီး ဖမ်းလို့ ၄ နှစ်ကျော် ထောင်ထဲမှာ နေခဲ့ရတယ်၊ နာနာကျင်ကျင်ကြီးကို ခံစားရပါတယ် ဘုရား၊ အတတ်နိုင်ဆုံး တရားနဲ့ ဖြေပါတယ် ဘုရား၊ ဂလဲ့စား ချေလိုစိတ်လဲ မရှိပါဘူး ဘုရား” ဟု နာကျည်းသံတ၀က် တရားသံလေးတ၀က် စွက်ပြီး ဖြေကြားပါတယ်။
(၃)
တပည့်တော်တို့ သီလရှင် လေးပါးလုံး ထောင်က လွတ်မြောက်လာခဲ့ပါတယ်။ ထောင်က ထွက်လာတော့ အရင် နေခဲ့တဲ့ ကျောင်းကို ပြန်ပါတယ်၊ တပည့်တော်တို့ သီလရှင်တွေ မရောက်ခင် အာဏာပိုင်တွေက အရင် ကြိုရောက်နေပြီး ဒီကျောင်းမှာ ပြန်နေလို့ မရတဲ့ အကြောင်း၊ သီလရှင် ဝတ်ခွင့်မပြုနိုင်ကြောင်း ပြောပြီး သီလရှင်တွေကို မောင်းထုတ်ခဲ့တာပါ၊ ထောင်က ထွက်ခါစ ကျန်းမာရေးကလည်း မကောင်း၊ နေစရာ စားစရာ မရှိ၊ ဘယ်သွားရမှန်း မသိနဲ့ တပည့်တော်တို့ သီလရှင်တွေ လမ်းပေါ်မှာ ယောင်ချာချာ ဖြစ်နေခဲ့တာပါ၊ နောက်ဆုံး တပည့်တော်တို့ သတိရလိုက်တာကတော့ အမှု ရင်ဆိုင်ရတဲ့အခါ တရားရုံးကို လာပြီး ဆွမ်းကပ်သူ၊ အ၀တ်အစား၊ ဆေးဝါးပေးသူ၊ ထောင်တွင်းကို ထောင်ဝင်စာ ပို့ပေးနေသူ ဒေါ်ရှုကိုပါ၊ ဒေါ်ရှုက သီလရှင်တွေရဲ့ အခက်အခဲကို ဖြေရှင်းပေးလိုက်လို့ အထိုက်အလျောက် အဆင်ပြေသွားပါတယ်။
လွတ်လာတဲ့ သီလရှင် လေးပါးထဲမှာ သီလရှင်အိုကြီး နှစ်ပါးကတော့ သူတို့ရဲ့ အမျိုးတွေက တာဝန်ယူသွားလို့ အဆင်ပြေသွားပါတယ်။ တပည့်တော်တို့ သားအမိကတော့ ဦးလေးဖြစ်သူ အိမ်မှာ ကပ်ယပ်ပြီး နေထိုင်ခဲ့ကြပါတယ်။ ဦးလေးဖြစ်သူက အကြော်ရောင်းကျွေးပြီး စောင့်ရှောက်ခဲ့တာပါ၊ အတော်လေး ဆင်းရဲတယ်ပါတယ် ဘုရား ဟု ကြောင့်ကြောင့်ကြကြ ပူပူပင်ပင် ဆိုရှာပါတယ်။
သီလရှင်လဲ ပြန်ဝတ်လို့လဲ မရတော့တဲ့ ဆရာလေး ၀ိစိတ္တကို အသက်မွေးဝမ်းကျောင်းမှု အတွက် ဒေါ်ရှုက စက်ချုပ်သင်တန်း အပ်ပေးခဲ့ပေမဲ့  စက်ချုပ်ရုံ သင်တန်းပိုင်ရှင်က အထက်က ပြောခဲ့သလို အကြောက်လွန်ပြီး အခုလို လက်မခံရဲတော့ဘူး ဆိုတဲ့ အခြေအနေတွေ ဖြစ်လာတာပါ။ စာရေးသူလဲ မည်ကဲ့သို့ ပြုလုပ်ပေးရမည် မသိ ဖြစ်သွားရပါတယ်။ တခုခုတော့ အဆင်ပြေအောင် စီစဉ်ပေးရဦးမယ် ထင်ပါရဲ့။
(၄)
ထောင်ထွက်တွေရဲ့ ဘ၀တွေက အင်မတန် ၀မ်းနည်း ကြေကွဲစရာတွေပါ။ ဆွေမျိုးသားချင်းတွေက အစ အာဏာပိုင်တွေက ဒုက္ခပေးမှာ ကြောက်လို့ သူတို့အိမ်ကို ထောင်ထွက်တွေ လာမှာကို စိုးရိမ်ကြတယ်၊ အခုတော့ သူတို့ ဘာဆက်လုပ်ရမှန်း မသိနဲ့ စိတ်ဆင်းရဲစွာ ဘ၀ကို ရင်ဆိုင်နေကြပါတယ်။ သူတို့လိုပဲ ထောင်က ထွက်လာတဲ့ သံဃာတော်တွေလဲ ဒီလို အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ကြရတာပါ။ ယခု နယ်စပ် တနေရာကို ရောက်နေတဲ့ မိမိအသိ ဆရာတော် နှစ်ပါး ဆိုရင် ထောင်ထဲမှာ ၁၆ နှစ် နေခဲ့ကြရပြီး ထောင်က ထွက်လာတဲ့အခါ လက်ရှိ ကျောင်းထိုင်ဆရာတော် ကိုယ်တိုင်က သိပ်ပြီး လက်မခံချင်တဲ့ အတွက် အာဏာပိုင်တွေကို သူတို့ ကိုယ်တိုင် ကျောင်းကို ဘယ်နိုင်ငံရေးသမားတွေ လာတယ်၊ ဘယ်သွားတယ်၊ ဘယ်လာတယ် စသည်ဖြင့် သတင်းတွေ ပေးနေလို့ ဆက်မနေရဲတော့ဘဲ ဇာတိရွာတွေကို ပြန်သွားခဲ့ရပါတယ်။
ရောက်တဲ့နေရာမှာ အာဏာပိုင်တွေက ထောင်ထွက် ဘုန်ကြီးတွေကို လက်ခံထားတဲ့ ဘုန်းကြီးကျောင်းနဲ့ ကူညီနေသူတွေကို မကူညီရဲအောင် နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပါတယ်။ ထောင်ထွက် ဘုန်းကြီးတွေကိုလဲ နေလို့ မရအောင် အနှောင့်အယှက် ပေးတဲ့အတွက် ပြည်တွင်းမှာ ဆက်မနေရဲတော့ဘဲ ထိုင်းနိုင်ငံ လွတ်မြောက်နယ်မြေ တနေရာကို ထွက်ခွာလာခဲ့ရပါတော့တယ်။ အဲဒီထက် ပိုပြီး ဆိုးတဲ့ အဖြစ်အပျက် တခုလဲ ရှိပါသေးတယ်။
လွန်ခဲ့တဲ့ ခြောက်လလောက်က ထောင်က ထွက်လာတဲ့ ဘုန်းကြီးအိုကြီး တစ်ပါးရဲ့ အဖြစ်မှန်ပါ၊ ထောင်က ထွက်လာတော့ အရင်နေခဲ့တဲ့ ကျောင်းကလဲ လက်မခံ၊ အခြားကျောင်းတွေကလဲ အာဏာပိုင်ကို ကြောက်လို့ လက်မခံရဲကြဘူး။ နေစရာ ကျောင်းမရှိလို့ ရထားဘူတာမှာ သွားအိပ်နေရရှာပါတယ်။ ရဲပတ္တရောင်နဲ့ တိုးပါတယ်။ ဘုန်းကြီးဖြစ်ကြောင်း၊ ဒီနေ့မှ ထောင်က ထွက်လာကြောင်းနဲ့ ထောင်ထွက်လက်မှတ်ကို ပြပြီး ရှင်းပြပေမဲ့ လက်မခံဘဲ ထောင်က ထွက်တဲ့နေ့မှာပဲ ပြန်လည် အဖမ်းခံလိုက်ရပါတယ်။ တကယ့်ကို ၀မ်းနည်းစရာ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်နေပါပြီ။
န၀တ နအဖ လက်ထက်မှသည် ဦးသိန်းစိန်အစိုးရ တက်လာတဲ့ ယနေ့အချိန်ထိ ဘာသာရေး ၀န်ထမ်းတွေ ဖြစ်တဲ့ ရဟန်းသံဃာတော်တွေနဲ့ သီလရှင်တွေဟာ အဖိနှိပ်ခံနေရဆဲ ဘာသာရေး အခွင့်အရေးတွေ ချိုးဖောက်ခံနေရဆဲ ဆုံးရှုံးနေရဆဲပါ။
မတရားတာတွေ မလုပ်ကြဖို့ မှန်မှန်ကန်ကန် လုပ်ကြဖို့ တရားဟောတဲ့ ဆရာတော်တွေရဲ့ တရားပွဲတွေလဲ အပိတ်ခံထား ရပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ဘေးဒုက္ခ ရောက်နေသူတွေကို ကူညီပေးနေတဲ့ ဘုန်းတော်ကြီး အတော်များများလဲ စစ်အာဏာရှင်တွေရဲ့ အနှောင့်အယှက် ပေးမှုက မလွတ်ပါဘူး။ ယနေ့ မိမိတို့ ဗုဒ္ဓဘာသာ သာသနာ အခြေအနေကို ပြန်ကြည့်ရင် အဖက်ဖက်က ချွတ်ခြုံကျနေတာကို တွေ့ရမှာပါ။ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ဆောင်ရွက်နေပါတယ် ဆိုတဲ့ သံဃမဟာနာယက ဆရာတော်များလဲ သံဃာတွေ မတရား အဖိနှိပ်ခံနေရတာတွေကို သိပါလျက်နဲ့ မသိချင်ယောင် မမြင်ချင်ယောင်ဆောင်ပြီး နှာစေးတော်မူနေကြဆဲပါ။
၂၀၀၇ ရွှေဝါရောင် အရေးအခင်း ကာလတုန်းကလဲ စစ်အာဏာရှင်တွေက ဘုန်းကြီးအတုတွေလို့ ပြောပြီး ဘုန်းကြီးကျောင်းတွေကို စစ်တပ်က ၀င်စီးတုန်းကလဲ တားမြစ်တော် မမူရှာဘူး။ ခပ်မဆိတ် နေတော်မူရှာပါတယ်။ စစ်အုပ်စုက သံဃာငယ်တွေကို နှိပ်ကွပ်ဖို့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြီး ပြောခိုင်းတဲ့အခါမှာတော့ သံဃမဟာ နာယက ဆိုသူတွေဟာ ရဟန်း ဆိုတာ ဘာဓူရ ညာဓူရ လုပ်ရမယ်နဲ့ စစ်အာဏာရှင်တွေ အလိုကျ ပြောတော်မူပါတယ်။ အဲဒီလို အဂတိ တရားတွေ လက်ကိုင်ထားနေတဲ့ သံဃမဟာ နာယကပါ။ အဲဒီလို ပျက်စီးနေတဲ့ အခြေအနေတွေကို သာသနာစိတ် ရှိကြတဲ့ ဆရာတော် သံဃာတွေက အချိန်မှီ မပြုပြင်နိုင်ကြရင် မကာကွယ်နိုင်ကြရင်ဖြင့် ဗုဒ္ဓဘုရား သာသနာ ကွယ်ပျောက်ပြီး စစ်တပ် အလိုကျ တည်ထောင်ထားတဲ့ စစ်တပ်သာသနာတော်ကြီး ဖြစ်သွားတော့မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
အရှင်ပညာနန္ဒ
forever friends မှကူးယူဖော်ပြပါသည်....
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ထုတ်ပြန်သော ပြစ်ဒဏ်ကျခံနေရသူများနှင့် ပတ်သတ်သည့် ကြေညာချက်အပေါ် ထင်မြင်ယူဆချက်များ

ဒီကြေညာချက်ကြောင့် နှစ်ပေါင်း ၅၀လုံးလုံး ဗြောင်လိမ်ခဲ့တဲ့ အစိုးရရဲ့ လုပ်ရပ်တွေဟာ တကျော့ပြန်လာပြီလားလို့ စိတ်ထဲမှာ တွေးမိပါတယ်။ အခုချိန်မှာ ဟိုဝန်ကြီးက ပြောလိုက်၊ ဒီဝန်ကြီးက ပြောလိုက်၊ လူ့အခွင့်အရေး ကော်မရှင်က ပြောလိုက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတော့မလိုလိုနဲ့ ပြောခဲ့ကြပြီးမှ မလွှတ်ချင်တဲ့အတွက် တိုင်းပြည်ကို ဗြောင်လိမ်သလိုဖြစ်နေပြီး ဘာကိုမှ မယုံကြည်ရတော့သလို ဖြစ်သွားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် အခုကြေညာချက်ဟာ အစိုးရကို သိက္ခာကျစေခဲ့သလို ယုံကြည်မှုလည်း ကင်းမဲ့စေပါတယ်။ ဒီကြေညာချက်ကြောင့် အစိုးရအဖွဲ့သစ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် ယုံချင်သလိုဖြစ်နေတဲ့ စိတ်တွေတောင် ပျောက်ဆုံးသွားပါတယ်။ ဒါကိုမှ မယုံရရင် ဒေါ်စုကို ဒီမိုကရေစီဖြစ်ထွန်းရေးမှာ ပါဝင်ခွင့်ပေးတာတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်တာတွေကို ဘယ်လိုလုပ်ပြီး ယုံကြည်ရတော့မလဲ။ အစိုးရအတွက်တော့ အင်မတန်အရှက်ကွဲပြီး  သိက္ခာကျစေတဲ့ ကြေညာချက်ဖြစ်ခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ဒါဟာ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ပါဘူး။ လုပ်ရိုးလုပ်စဉ် လျော့ရက်ပေးတာမျိုးပါ။ ဒီလိုမျိုးဆိုတာ ထောင်ထဲမှာ ရှိပြီးသားပါ။ နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ်သားတွေနဲ့ တန်းတူသဘောထားပြီး လုပ်နေတာတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို သိက္ခာချနေတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။  နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးပဲနဲ့တော့ ဒီမိုကရေစီဖြစ်ထွန်းရေးကို မလုပ်နိုင်ပါဘူး။
လူထုဦးစိန်ဝင်း (ဝါရင့်သတင်းစာဆရာ)

အခုလို နားလှည့်ပါးရိုက်တဲ့ ပုံစံမျိုးတွေ လုပ်တဲ့ဟာက ရှင်းရှင်းပြောရရင် ဘာနဲ့တူသလဲဆိုတော့ သူတို့ကိုယ်သူတို့ အရှက်ကွဲနေသလိုဖြစ်နေတယ်။ ကမ္ဘာ့အလယ်မှာရော ပြည်သူလူထုအလယ်မှာရော သူတို့သိက္ခာမရှိသလိုဖြစ်နေတယ်။ ဒီလူတွေဟာ ဘယ်လောက်အထိ အငြိုးအာဃာတ ကြီးနေသလဲ၊ အရပ်စကားနဲ့ပြောရရင် ကလိမ်ကကျစ်တွေ များနေသလဲဆိုတာ လူတွေက အဲလိုပဲဖြစ်ကုန်တာပေါ့။ ဒါဟာ သိပ်မကောင်းဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီပြဿနာဟာ တိုင်းပြည်မှာ အရေးကြီးဆုံး ပြဿနာလိုလဲ ဖြစ်တယ်။ လူတိုင်းရဲ့ခေါင်းထဲမှာ ရင်ထဲမှာ ရောက်နေတဲ့ ပြဿနာလည်းဖြစ်တယ်။ ဒီပြဿနာမျိုးကို ကျွန်တော်ထင်တယ် တစ်ခါထဲကို ခဝါဖွတ်သလို လျှော်ချလိုက်ပြီးတော့ ရှင်းလိုက်ရင်တော့ သူတို့အဖို့လည်း အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်တော်တို့ထင်တယ်။ လူတွေက အခု ဦးသိန်းစိန်တို့ ဘာတို့ကို လူတွေက လေးစားနေတဲ့ အထင်ကြီးနေတဲ့ ဝမ်းသာအားရ ဖြစ်နေတဲ့ဟာတွေ အကုန်လုံးအဲဒါတွေ ဆုံးရှုံးသွားအောင် လုပ်နေတာပဲဗျ။ အဲဒီတော့ ကျွန်တော့်အထင်ကတော့ ဒီပြဿနာကို အခုလို နှစ်ပေါင်း၆၀ကနေ၃၀ရောက်၊ ၆၀နဲ့ ၆၀ခံနေရတာကနေ ၃၀ပဲခံရခံရ  ခွန်ထွန်းဦးလိုလူမျိုး နှစ်ပေါင်း ၉၀ ကနေပြီးတော့ ၃၀ပဲခံရခံရ တူတူပဲဗျ၊ နှစ်ပေါင်း ၃၀ ဆိုတာကလည်း နည်းနည်းနောနောနှစ်မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်က ဒီဟာတွေလုပ်မနေဘဲနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို လွှတ်ဖို့ကိစ္စကို စဉ်းစားဖို့လိုတယ်။ နောက်တစ်ခါ အခြေအနေကြုံခဲ့သော်၊ ကြုံမှကြုံဦးမလားတောင် မသိပါဘူး။ ပေါ်ခဲ့သော် တစ်ခါတည်း လွှတ်ပေးဖို့ တစ်ခါတည်း ဒီပြဿနာတွေကို ရှင်းဖို့ စဉ်းစားဖို့ကောင်းတယ်လို့ ကျွန်တော်ကထင်ပါတယ်။
ဦးဝင်းတင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်, NLD)

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာNLD ပါတီရွေးကောက်ပွဲဝင်ရုံလောက်နဲ့ ဖြစ်လာမှာ မဟုတ်ဘူး။  တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်တယ် ဆိုတာကလည်း လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်ရုံနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး တည်ဆောက်တာမဟုတ်ဘူး။ တကယ်အနှစ်သာရရှိတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အစိုးရအနေနဲ့ စစ်စစ်မှန်မှန် လုပ်ဆောင်ဖို့ လိုနေပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ သူတွေကိုသီးသန့်လွှတ်ပေးမှ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ် ရောက်မယ်လို့ ပြည်သူတွေက ယူဆနေကြတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေကို ထိန်းသိမ်းတာတွေ ရပ်စဲခြင်းမရှိရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်လို့ လုံးဝယူဆလို့မရနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်သွားနိုင်တယ်။
ဒေါက်တာ သန်းထွဋ်အောင် (CEO, Eleven Media Group)

ဒီကြေညာချက် ထွက်လာပြီးနောက်မှာ ကျွန်တော်နားလည်မိတာကတော့  အနှစ် ၂၀အောက် ထောင်ဒဏ်ကျခံနေရတဲ့သူတွေကို ပြစ်ဒဏ် လေးပုံတစ်ပုံ လျော့မယ်ဆိုတာ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်တို့ အပါအဝင် ထောင်ဒဏ် ၆၅နှစ် အထက်ကျခံနေရသူတွေဟာ အမှုတစ်ခုချင်းစီအလိုက် ထောင်ဒဏ် ၁၅နှစ်နဲ့ လေးမှုအထက် ကျသူတွေ ဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် သူတို့တွေဟာ အနှစ် ၂၀အောက် လေးပုံတစ်ပုံထဲပါနေတယ်လို့ နားလည်ပါတယ်။ အခု လျော့ချလိုက်တဲ့အတွက် ထောင်ထဲမှာ ၄၈နှစ်နဲ့ ၄ လကျော်ကျော်လောက် ဆက်ရှိနေရမဲ့ သဘောဖြစ်နေပါတယ်။ ဒါကြောင့် သူတို့တွေ လွတ်လာဖို့ မလွယ်ပါဘူး။ ဒီလို လေးပုံတစ်ပုံ လျော့ချပုံအရကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးလွတ်လာဖို့ မမျှော်လင့်ရပါဘူး တစ်ချို့လွတ်ရက်နီးလို့ ရက်စေ့တဲ့သူတွေတော့ ပါကောင်းပါလာနိုင်ပေမဲ့ ခေါင်းဆောင်တွေကတော့ ကျန်နေခဲ့ရမဲ့ သဘောရှိပါတယ်။ အစိုးရအနေနဲ့ကတော့ ဒီမိုကရေစီစနစ်ကို သွားနေတယ်၊ ပြုပြင်ပြောင်းလဲမှုအတွက် ကောင်းတာတွေလည်း လုပ်သင့်သလောက် လုပ်နေတဲ့အချိန်မှာ ဒီလူတွေကို လွှတ်ပေးတာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်နေပါတယ်။ နောက်တစ်ချက်ကတော့ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ ဝိသေသတွေ၊ ဒီမိုကရေစီ ဖြစ်ထွန်းမှုတွေမှာ ဒီလူတွေ ပါဝင်ခွင့်မရသေးတာကြောင့် အနှောက်အယှက် ဖြစ်နေဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။
ကိုမြတ်သူ (ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသား အဖွဲ့၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်)

အခုကြေညာသွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ခိုးဆိုးဓားပြမှုတွေနဲ့ ရာဇ၀တ်မှု ကျူးလွန်နေသူတွေကို နိုင်ငံတော်အတွက် စွန့်လွတ်အနစ်နာခံထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေနဲ့ တစ်တန်းတည်းထားပြီး သတ်မှတ်မယ်ဆိုရင် လုံးဝမတရားပါဘူး။ ဒီလိုရာဇ၀တ်မှု ကျူးလွန်သူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူတွေနဲ့ တစ်တန်းတည်း ထားလိုက်တာဟာ နိုင်ငံတော်သစ်အတွက် အန္တရာယ်အရမ်းကြီးပါတယ်။ ဖြစ်စေချင်တာက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို တရားရှင် လွှတ်ပေးသင့်တာပါပဲ။ ဒီလိုမှ မဟုတ်ရင် ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ ထင်သာမြင်သာမရှိဘဲ ပွင့်ပွင့်လင်းလင်းလည်း မရှိဘူး။ ဒီမိုကရေစီနိုင်ငံသစ်ကို သွားနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ ဘယ်လိုဆက်ပြီး ယုံကြည်ရမှာလဲ။
ဒါရိုက်တာ ၀ိုင်း

ဒီလိုလျော့ချမှုတွေကို ဘယ်သူတွေကမှ ထောက်ခံမှာ မဟုတ်သလို ဘယ်သူတွေကမှ သဘောကျမှာလည်း မဟုတ်ဘူးလို့ ထင်ပါတယ်။ ဖြစ်သင့်တာကတော့ case တစ်ခုချင်းစီကို case by case ပြန်ပြီး စဉ်းစားသင့်တယ်၊ သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။ ဒီအမှုတွေကို စီရင်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြီး စိစစ်သင့်တယ်။ အမှုတွေဟာ တရားဝင်၊ မဝင်၊ တကယ်ရှိ၊ မရှိ ပြန်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့၊ အစိုးရကို မကောင်းပြောခဲ့တာလေး တစ်ခုနဲ့ ဒီလူတွေကို ၆၅နှစ်လောက် ထောင်ထဲမှာ မထားသင့်တော့ပါဘူး။ မုဒိမ်းမှုကျူးလွန်တဲ့သူတွေတောင် ဆယ်နှစ်လောက်ပဲ ထောင်ကျတာ။ ဟိုအရင်ခေတ်က အစိုးရကို မကောင်းပြောခဲ့တာပဲ။ ဒီဘက်ခေတ် အစိုးရလက်ထက်မှာ ဒီလူတွေကို လွှတ်ပေးလိုက်ပြီး ဒီမိုကရေစီ အခင်းအကျင်းမှာ ပါခိုင်းလိုက်ပေါ့။ ဒီဘက်ခေတ်မှာ ဒီလူတွေက ဥပဒေနဲ့ မညီတာတွေလုပ်ရင် ဒီဘက်ခေတ်ဥပဒေနဲ့ ပြန်ပြီး အရေးယူပေါ့။ နိုင်ငံရဲ့ အပြောင်းအလဲမှာ ဒီလူတွေကို ပါဝင်ခွင့်မပေးတာဟာ ဒီမိုကရေစီစနစ်နဲ့ ဆီလျော်မှုမရှိပါဘူး။ လွှတ်ပေးစေချင်ပါတယ်။ ဒီလိုတွေကို လွှတ်ပေးခြင်းအားဖြင့် ဒီမိုကရေစီဖြစ်ထွန်းရေးမှာ ပိုကောင်းတာတွေ ဖြစ်လာလိမ့်မယ်လို့လည်း ယူဆပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေအတွက် သူတို့ရဲ့ မိသားစုဝင်တွေရော အများပြည်သူတစ်ရပ်လုံးကပါ လွတ်စေချင်နေကြပါပြီ။ သူတို့တွေက ရာဇ၀တ်မှု ကျူးလွန်ထားတာ မဟုတ်ဘဲ နိုင်ငံအတွက် အနစ်နာခံပြီး ရောက်နေကြရတာလေ။ အခုကြေညာသွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ရာဇ၀တ်မှု ကျူးလွန်ထားသူတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို ရောနှောပြီး သုံးနှုန်းပြောဆိုတာ ခွဲခွဲခြားခြား မသိရတာတွေကို တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကို ကြည့်ချင်အားဖြင့်  ဒီမိုကရေစီနိုင်ငံကို သွားနေတဲ့ အစိုးရသစ်တစ်ရပ်ဆိုတာကို ယုံကြည်နိုင်ဖို့ အရမ်းကို ခက်ခဲနေပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး

ဒီကြေညာချက် ထွက်လာတဲ့အခါမှာ Something is better than nothing လို့ ထင်ပေမဲ့ ပြည်သူတွေကရော၊ နိုင်ငံခြားမှာရှိနေတဲ့သူတွေကရော လွတ်လွတ်ကျွတ်ကျွတ် လွတ်လာမှာကို မျှော်လင့်နေကြတာ တွေ့ရပါတယ်။ ဒါကြောင့်မို့ အခုလို ဈေးဆစ်ပြီး လုပ်နေတာတွေကို လျော့ပြီး ဒီလူတွေ (ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ) ဒီမိုကရေစီဖြစ်ထွန်းမှုမှာ ပါလာပြီဆိုရင် ပိုပြီး အကျိုးရှိတာတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်ပြီး အခုချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်နေတယ်။ NLD နဲ့ ဒေါ်စုကို ရွေးကောက်ပွဲဝင်ဖို့ အခင်းအကျင်းတွေ လုပ်ပေးခဲ့တယ်။ ဒါတွေဟာ နိုင်ငံတကာ ပြည်သူတွေရော၊ ပြည်တွင်း ပြည်သူတွေအတွက်ပါ မျှော်လင့်ချက်တွေ ဖြစ်စေခဲ့တယ်။ သူတို့တွေ ဖြစ်ချင်နေတဲ့ မျှော်လင့်ချက်တွေကို ပြည့်စေချင်တယ်။ NLD မှတ်ပုံတင်ဖို့နဲ့ ဒေါ်စုကို ရွေးကောက်ပွဲဝင်စေဖို့ အကြာကြီးစောင့်ပေးခဲ့တာပဲဗျာ။ အဲသလောက်တောင် စောင့်ပေးခဲ့ပြီးခါမှာ ဒီလူတွေကိုလည်း နိုင်ငံရေးအခင်းအကျင်းထဲ ပြန်ပြီးတော့ ပါဝင်နိုင်အောင် လုပ်ပေးရင် ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။
ဦးကြည်မြင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ပုံစံသုံးမျိုးနဲ့ အကျဉ်းသားတွေ လွှတ်ပေးခဲ့တယ်။ တစ်မျိုးက ပြစ်ဒဏ်လျော့ပေါ့ပေးတဲ့ ပုံစံ၊ ဒုတိယတစ်မျိုးက နစ်နာသူတွေကို ပြစ်ဒဏ်လျော့ပေါ့ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်၊ နောက်တစ်မျိုးက သင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့် သဘောမျိုးဖြစ်တယ်။ ရုံးရောက်နေတဲ့အမှုတွေ လွှတ်ပေးလိုက်တယ်။ ဌာနဆိုင်ရာ စုံစမ်းမှုတွေကိုပါ ရပ်ပြီး ပြီးတာတွေပြီးပြီ၊ နောက်ထပ်လာမယ့် အနာဂတ်ကို စိတ်သစ်လူသစ်နဲ့ တည်ဆောက်တဲ့ပုံစံမျိုး လွှတ်ပေးတာမျိုး ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာက နံပါတ်(၁) က ထောင်ကလူတွေ ဘယ်လိုပုံစံမျိုးနဲ့ ထွက်ထွက်၊ ဘယ်လိုနည်းနဲ့ပဲ လွတ်လာလွတ်လာ၊ သူတို့ မိသားစုတွေ ပျော်ရွှင်တယ်။ သူတို့ဘ၀တွေကို အသစ်တည်ဆောက်ခွင့်ရမှာ ဖြစ်တဲ့အတွက် အခုလိုပြစ်ဒဏ် လျော့ပေါ့ပေးတာကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာ ကျွန်တော် ပြောခဲ့တယ်။ နိုင်ငံရေး ယုံကြည်ချက်ကြောင့်ပဲဖြစ်ဖြစ်၊ နိုင်ငံရေး ယုံကြည်ချက်ကြောင့်လို့ပဲ ခေါ်ခေါ် နိုင်ငံရေးအကျဉ်းသားလို့ပဲ ခေါ်ခေါ် အကျဉ်းသားတွေအားလုံးကို မိသားစုရင်ခွင်ထဲကို ပြန်ရောက်စေချင်တယ်။ ကွေကွင်းခြင်းရဲ့ ဝေဒနာကို ခံစားဖူးတဲ့သူတွေပဲ သိတယ်။ ဒါကြောင့် ၆၅ နှစ်ဖြစ်ဖြစ်၊ နှစ် ၉၀ ဖြစ်ဖြစ်၊ အနှစ် ၁၀၀ ဖြစ်ဖြစ် ကျနေတဲ့သူတွေအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ရတာကို ရဖို့ မျှော်လင့်ခဲ့တယ်။ နောက်လွှတ်တော်မှာလည်း အကြိမ်ကြိမ်တင်ပြခဲ့ပါတယ်။ ပြစ်ဒဏ်လျော့ပေါ့တာကို အသိအမှတ် ပြုပါတယ်။ အခုလွှတ်တဲ့ တစ်ကြိမ်တည်းမှာပဲ နိုင်ငံရေးနဲ့ ပတ်သက်ပြီးကျန်တဲ့သူတွေ လွှတ်ပေးဖို့အတွက် နိုင်ငံတော်ကို မေတ္တာရပ်ခံပါတယ်။
အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ဒီဥစ္စာက လွတ်ငြိမ်းချမ်းသာခွင့်အမိန့် မဟုတ်ဘူး။ ပြစ်ဒဏ်လျော့ပေါ့တဲ့ အမိန့်ပါ။ ကျွန်တော်တို့က လွတ်ငြိမ်းချမ်းသာခွင့်အနေနဲ့ နိုင်ငံရေးအရ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကိုပဲ မျှော်လင့်နေတာပါ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေတုန်းကလည်း လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပါတ်သတ်ပြီး အဆိုတင်သွင်းကြသလို တပ်မတော်သားကိုယ်စားလှယ်တွေရော အာဏာရ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေပါ ထောက်ခံဆွေးနွေးခဲ့ကြတယ်။ လွှတ်တော် ဥက္ကဋ္ဌတွေကလည်း ဒီကိစ္စကို ပြောခဲ့တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို လွှတ်ပေးဖို့ ယခင်ကထက် နီးကပ်လာပြီလို့ ဒီဇင်ဘာလဆန်းတုန်းက ပြောထားပါတယ်။ ဟီလာရီကလင်တန်လာတုန်းကလည်း ဒီကိစ္စကို အဓိက ကိစ္စတစ်ခုအဖြစ် ဆွေးနွေးခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် မဏ္ဍိုင်တစ်ခုနဲ့တစ်ခု အပြန်အလှန်လေးစားမှုရှိဖို့ လိုပါတယ်။ ဥပဒေပြုရေး မဏ္ဍိုင်ထဲမှာပါဝင်တဲ့ လွှတ်တော်တွေ၊ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေ၊ ပဉ္စမမဏ္ဍိုင်ဖြစ်တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အုပ်ချုပ်ရေးမဏ္ဍိုင်က အသိအမှတ်ပြု လေးစားသင့်ပါတယ်။ အခုထုတ်ပြန်ချက်က အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ အစိုးရအပေါ်မှာပဲ မူတည်နေပါတယ်။
ဝေဖြိုး (အယ်ဒီတာချုပ်၊ Weekly Eleven News Journal)
NLD ပါတီမှ တာဝန်ရှိသူများအပါအဝင် အခြားပုဂ္ဂိုလ်များ၏ ထင်မြင်ယူဆချက်များအား ရရှိနိုင်ရန် ဆက်သွယ်လျက်ရှိပါသည်။ ထပ်မံရရှိပါက ဆက်လက်တင်ပြပေးသွားပါမည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စင်ကာပူနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများအား အလုပ်သမားမှတ်ပုံတင်ကတ်ရှိမှသာ ဗီဇာထုတ်ပေးမှုကို စီစဉ်ဆောင်ရွက်သွားရန်ရှိ

စင်ကာပူနှင့် ထိုင်းနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအား အလုပ်သမားမှတ်ပုံတင်ကတ်ရှိမှသာဗီဇာထုတ်ပေးမှုကိုစီစဉ်သွားရန်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

လက်ရှိတွင်အလုပ်သမား မှတ်ပုံတင်ကတ်အား အလုပ်သမားဝန်ကြီးဌာနက မလေးရှားနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများအား၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ထုတ်ပေးမှုရှိနေပြီး ယခုအခါတွင်လည်း စင်ကာပူနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများကိုပါ ၂၀၁၂ ခုနှစ်အတွင်း အလုပ်သမားမှတ်ပုံတင်ကတ် ထုတ်ပေးနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

"အခုမလေးရှားသွားမယ့် လုပ်သားတွေအတွက်ကိုတော့ အလုပ်သမားဝန်ကြီးဌာနကနေ တစ်လကိုအလုပ်သမား မှတ်ပုံတင်ကတ် အရေအတွက် ၃၀၀၀ ပုံမှန်ထုတ်ပေး နေပါတယ်။ အလုပ်သမားမှတ်ပုံတင်ကတ်ကို ထုတ်ပေးရတဲ့ အဓိကအကြောင်းအရင်းက တစ်ဖက်နိုင်ငံမှာ အလုပ်နဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုဖြစ်လာရင် အလုပ်သမားတွေဖက်က အလုပ်သမား မှတ်ပုံတင်ကတ်ပြပြီး သက်ဆိုင်ရာဌာနတွေကို တိုင်ကြားလို့ရနိုင်အောင်အတွက်ပါ။ ဒါကြောင့်လည်း မြန်မာလုပ်သားအများစု သွားရောက်အလုပ် လုပ်ကိုင်လေ့ရှိကြတဲ့ နိုင်ငံတွေဖြစ်တဲ့ စင်ကာပူနဲ့ထိုင်းနိုင်ငံတွေမှာ သွားရောက်အလုပ် လုပ်ကိုင်ကြမယ့်သူတွေကိုပါ အလုပ်သမားမှတ်ပုံတင်ကတ်ရှိမှ သံရုံးတွေကနေ ဗီဇာထုတ်ပေးဖို့ စီစဉ်ဆောင်ရွက်ဖို့ရှိပါတယ်။ အဲဒီအစီအစဉ် ကို ၂၀၁၂ ခုနှစ်အတွင်းမှာ အကောင်ထည်ဖော်ဆောင်ရွက်သွားမှာပါ" ဟု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုပါသည်။အလုပ်သမားဝန်ကြီးဌာနမှ

ပြည်ပ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို အလုပ်သမားမှတ်ပုံတင်ကတ် ထုတ်ပေးရာ၌ FEC ၁၀၀ ပေးဆောင်စေပြီးမှ ထုတ်ပေးခြင်းဖြစ်ပြီး ယင်းငွေပမာဏအား အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီအချို့က အနည်းငယ်လျှော့ချပေးစေလိုကြောင်း တောင်းဆိုမှုများရှိသည်ဟု သိရသည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အမေရိကန်နိုင်ငံမှ ဘာဘီရုပ်နှင့်ချွတ်စွပ်တူသော မိန်းလေး

မကြာသေးမှီသော အချိန်ကာလအတွင်း တွင် 16နှစ်ပြည့်သွားပြီဖြစ်သည့် အမေရိကန်နိုင်ငံမှ ကျောင်းသူလေး Kotakoti ဟာအွန်လိုင်းမှာဆိုရင် လူသိများပြီးနောက် ၄င်း၏ Face book စာမျက်နှာတွင် လာရောက်သူငယ်ချင်းအဖြစ် အပ်ကြသူများ နှင့်ရေပန်းစားကာ ကျောင်းတွင် နှင့်အခြား ပြင်ပလောကတွင်လည်းနာမည် ကြီးသူလေး စန်းပွင့်သူလေးတစ်ယောက်ဖြစ်ပါသည် ။ အဘယ်ကြောင့်ဆိုသော် သူမသည် ဇာတ်လမ်းတွဲများ အရုပ်များသာ ရှိသည်ဟုထင်ကြသည့် Barbie အရုပ်ကလေးနှင့် အလွန်ကိုတူနေသောကြောင့်ဖြစ်ပါသည် ။ သူမဟာ ယခုဆို 16 နှစ်ပြည့်ပြီဖြစ်ပြီးနောက် သူမဟာ ကိုယ်လုံးကိုပေါက်လည်း လွန်စွာလှပပြီး အသားအရေ အခြား မျက်နှာလေးများသည်လည်း BarBie အရုပ်ကလေးအတိုင်းပါပဲ တကယ်ကိုလှပ ပါပေတယ်လို့ နာမည်ကြီးးနေသူလေးပဲဖြစ်ပါသည် ။ သူမဟာ မျက်နှာတင် လှပယုံတင်မကပဲ စိတ်ထားလေးလည်းကောင်းမွန်ကြောင်းသိရပါသည် ။ သူမသည် နူးညံ့သိပ်မွေ့စွာ စကားကိုပြောဆိုတတ်ပြီး ရုပ်ချောနှင့်လိုက်အောင် စိတ်ထားလှပေကြောင်းသိရပါသည် ။ သူမဟာ တကယ်ပဲ Barbie ရုပ်လေးနှင့်တူသောသောကြောင့်သူ မကို BarBie များတကယ်ပဲ အသက်ရှင်နေသလားဆိုတာ.. သူမကို Living BarBie Doll ဟုခေါင်းစဉ်တပ်ကာ မကြာခဏရေးသားမှုများကိုလည်းတွေ့ ရကြောင်းသိရပါသည် ။



ပုံ(1)

ပုံ(2)

ပုံ(3)

ပုံ(4)

ပုံ(5)



ပုံ(6)


ပုံ(7)

ပုံ(8)

ပုံ(9)

ပုံ(10)



ပုံ(11)


ပုံ(12)

ပုံ(13)

ပုံ(14)

ပုံ(15)



ပုံ(16)


ပုံ(17)

ပုံ(18)


ပုံ(19)

ပုံ(20)

အားလုံးပဲ အပေါ်တွင် BarBie လေးးနှင့်တကယ်ကိုပဲ ချွတ်စွတ်တူလှတဲ့ Kotakoti ၏ပုံလေးတွေ ပုံ20 ကိုတင်ထားပေးလိုက်ပါသည် ကဲ.. မြန်မာပြည်မှာလဲ ဒိလိုလှပပြီး အရုပ်လေးနဲ့ တူ၇င် ကျွှန်တော်ကိုပြောနော် ဟီးး ကမ္ဘာကိုကြွားချင်လို့ မြန်မာပြည်မှာလဲ ရှိကြောင်းကို ... :)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS